ကျောက်ကြီးမြို့နယ်၌ ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

ကျောက်ကြီး မေ ၂၇

ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ်၌ ယနေ့နံနက် ၉ နာရီ အချိန်က မြို့နယ်အခြေခံပညာအထက်တန်းကျောင်း သပြေဆောင်ခန်းမတွင် ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားကို အ.ထ.က ကျောင်းသား/ ကျောင်းသူများက "မြန်မာ့ကျောင်း" သီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူးက ကျောက်ကြီးမြို့နယ်အနေဖြင့် နယ်မြေအခြေအနေအရ ကျောင်းများ ဖွင့်လှစ်နိုင်မှုအခြေအနေနှင့် ကျောင်းအပ်လက်ခံထားရှိမှုအခြေအနေတို့အား ပြောကြားခြင်းနှင့် ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ် ကျောင်းနေအရွယ် ကလေးများအားလုံး အခြေခံပညာသင်ယူနိုင်စေရေးအတွက် ကျောင်းအပ်ပေးရန်တိုက်တွန်းပြောကြားပြီး၊ နိုင်ငံတော်မှ "အခမဲ့" ပေးအပ်ထောက်ပံ့သည့် ပုံနှိပ်စာအုပ်၊ ဗလာစာအုပ်၊ ခဲတံ၊ ဘောပင်များအား သက်ဆိုင်ရာတာဝန်ရှိသူများက ကျောက်ကြီးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများထံ ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ပညာရေးဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ တက်ရောက်ပြီး၊ အ.ထ.က ကျောင်းသား/ ကျောင်းသူများက "ဇာတိမာန်" သီချင်းဖြင့် သီဆိုဧည့်ခံခြင်း၊ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)