ခန္တီးမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်ကျောင်းအပ်နှံရေးနေ့အခမ်းအနားကျင်းပ

ခန္တီး မေ ၂၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ယနေ့နံနက်(၉)နာရီအချိန်က ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို အခြေခံပညာအထက်တန်းကျောင်း(ခန္တီး)၊ ကျန်စစ်သားခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဦးစွာ ခန္တီးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စိုးမိုးက အဖွင့်အမှာစကားပြောကြားပြီး ခန္တီးခရိုင်ပညာရေးမှူး  ဒေါ်လှလှမြင့်က သင်ကြားနေသည့် ပညာရေးနည်းစနစ်များနှင့်ပတ်သက်၍လည်းကောင်း၊ ဆက်လက်ဆောင်ရွက်သွားမည့် ပညာရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍လည်းကောင်း ရှင်းလင်းပြောကြားကာ ခန္တီးမြို့နယ်ပညာရေးမှူး ဦးဝင်းလွင်ဦးက ကျောင်းဖွင့်လှစ်နိုင်ရန် ဆောင်ရွက်ထားရှိမှုများနှင့်ပတ်သက်၍လည်းကောင်း၊ ကျောင်းအပ်လက်ခံဆောင်ရွက်နေမှုများနှင့်ပတ်သက်၍လည်းကောင်း အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ကြသည်။

ထို့နောက် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများက  ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွင်း  တက္ကသိုလ်ဝင်စာမေးပွဲတွင် ခရိုင်/မြို့နယ်အတွင်း အောင်ချက်အကောင်းဆုံးကျောင်း၊ ဘာသာရပ်အလိုက် ဂုဏ်ထူးရကျောင်းသား/သူများ၊ ဂုဏ်ထူးရအောင်သင်ကြားပေးသောဆရာ/မများနှင့် တိုင်းဒေသကြီးအဆင့် စာပေပြိုင်ပွဲများတွင် ဆုရရှိခဲ့သော ကျောင်းသား/သူများအား ဆုများအသီးသီးချီးမြှင့်ခဲ့ကြောင်း သိရသည်။

ကမ်းကီး(ပြန်/ဆက်)