ကြံခင်း မေ ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ ဘက်ရဲမြို့၊ အမှတ်(၂) ရပ်ကွက်ရှိ စံပြဧက(၁၀၀) တောင်သူပညာပေးစခန်း ခန်းမဆောင်၌ ယနေ့ နံနက် ၉ နာရီအချိန်က မြို့နယ်စိုက်တိုးမြှင့်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက မိုးစပါးအထွက်တိုးရေးနှင့် ကြဲခင်းစနစ်ပပျောက်ရေး အသိပညာပေးဟောပြောပွဲပြုလုပ်သည်။
ဦးစွာ မြို့နယ်စိုက်တိုးမြှင့်အဖွဲ့ဥက္ကဋ္ဌ ဦးဝင်းလှိုင်က ၂၀၂၅ ခုနှစ်၊ မိုးစပါးပန်းတိုင် အထွက်နှုန်းရရှိစေရေးအတွက် ဆာဖိုးသာစပါးကို စိုက်ပျိုးရာတွင် သက်တမ်းအားဖြင့် (၁၁၅)ရက်၊ အောင်နိုင်တိုးစပါးသက်တမ်းမှာ (၁၂၀)ရက်သာဖြစ်သည့်အတွက် တောင်သူများအနေဖြင့် စိုက်ပျိုးသင့်ကြောင်း၊ ကြဲခင်းဧရိယာစနစ်များပပျောက်ရေးနှင့် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) ထည့်ဝင်စိုက်ပျိုးရေး အသိပညာပေးပြောကြားပြီး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစတိုင်းသာက မိုးစပါးလျာထားချက်ထက် ကျော်လွန်စိုက်ပျိုးရေး၊ မျိုးကောင်းမျိုးသန့်များကိုစိုက်ပျိုးရန်၊ ဒေသနှင့်ကိုက်ညီသည့် စပါးမျိုးဖြစ်သော အောင်နိုင်တိုးနှင့် ဆာဖိုးသာစပါးမျိုးကို စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူများအား စိုက်ပျိုးနိုင်ရေးအတွက် ဖြည့်ဆည်းကူညီပေးသွားမည်အပြင် ကြဲခင်းဧရိယာများအား Seeder စနစ်ဖြင့် စိုက်ပျိုးနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် တောင်သူများက ယခင်စိုက်ပျိုးသော စပါးမျိုးများ စိုက်ပျိုးရာတွင် မြေဩဇာ စရိတ်ကြီးမြှင့်ခြင်း၊ ပေါင်းမြက်များရှင်းလင်းရခြင်း၊ စရိတ်ကြီးမြင့်မှုဖြစ်ခြင်း အခက်အခဲ ရှိကြောင်း၊ သစ်စိမ်းမြေဩဇာစိုက်ပျိုးခြင်းကြောင့် မြေဩဇာသုံးစွဲမှုလျော့နည်းခြင်းတို့ကြောင့် သစ်စိမ်းမြေဩဇာကို ယခင်ထက်ပိုမို စိုက်ပျိုးသွားမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးဌာနမှ ပေးအပ်မည့် ပန်းတိုင်အထွက်နှုန်း တစ်ဧကတင်း (၁၀၀) ရရှိရေး အောင်နိုင်တိုးစပါး၊ ဆာဖိုးသာစပါး စပါးမျိုးကိုသာ ပူးပေါင်းစိုက်ပျိုးသွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။
ယင်းနောက် မြို့နယ်စိုက်တိုးမြှင့်အဖွဲ့ဥက္ကဋ္ဌ ဦးဝင်းလှိုင်နှင့် မြို့နယ်မြေစာရင်းဦးစီးဌာန၊ မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချရေးစီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ် သစ်တောဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့မှ မြို့နယ်ဦးစီးမှူးများက စံပြ ဧက ၁၀၀ နွေစပါးစိုက်ပျိုးထားရှိမှုအား ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များအား ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဖြိုးဝေလင်း(ပြန်/ဆက်)