သဲကုန်း မေ ၂၇
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့နံနက် (၉) နာရီက အခြေခံပညာအထက်တန်းကျောင်း (သဲကုန်း) ရှိ သာဓုခန်းမတွင်ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အခြေခံပညာအထက်တန်းကျောင်း (သဲကုန်း)မှ ကျောင်းသား/ ကျောင်းသူလေးများက "ပညာပန်းခင်း" သီချင်းသီဆိုဖျော်ဖြေ၍ အခမ်းအနားကိုဖွင့်လှစ်ခဲ့သည်။ ဆက်လက်၍ မြို့နယ်ပညာရေးမှူး ဆရာမကြီး ဒေါ်မသန်းစိန်က အဖွင်အမှာစကားပြောကြားရာတွင် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့နှင့် ပတ်သက်၌ "ကျောင်းနေအရွယ်ကလေးအားလုံး စဥ်ဆက်မပြတ်ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့ ဆောင်ပုဒ်နှင့်အညီ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံရန်၊ လူငယ်များအနေဖြင့် အနာဂါတ်တွင် နိုင်ငံတော်တာဝန်အား ပခုံးလွှဲပြောင်းတာဝန်ထမ်းဆောင်ရမည်ဖြစ်သဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်စေရန် ကျောင်းသား/ ကျောင်းသူများအနေဖြင့် ဖွင့်လှစ်ထားရှိသော စက်မှု၊စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းတွင် တက်ရောက်ပါက ရရှိနိုင်သောအခွင့်အလမ်းများ၊ ကျောင်းအပ်နှံရေးဆိုင်ရာ လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် တိုင်းပညာရေးမှူး(ရုံးခွဲ)ပြည်မြို့မှ ဦးစီးအရာရှိ ဆရာမကြီး ဒေါ်ပပကျော်၊ မြို့နယ်ပညာရေးမှူးနှင့် တာဝန်ရှိသူများက ပညာရေးဝန်ကြီးဌာနမှ အခမဲ့ထုတ်ဝေသည့် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များ၊ ဗလာစာအုပ်များ၊ ခဲတံများ၊ ဘောပင်များနှင့် ကျောင်းဝတ်စုံများကို သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများထံ ပေးအပ်ခဲ့ပြီးအခြေခံပညာအထက်တန်းကျောင်း (သဲကုန်း) မှ ကျောင်းသား/ ကျောင်းသူလေးများက "မြန်မာ့ကျောင်း" သီချင်းသီဆိုကာ အခမ်းအနားကို ရုတ်သိမ်းခဲ့သည်။
အခမ်းအနားသို့ တိုင်းပညာရေးမှူး(ရုံးခွဲ)ပြည်မြို့မှ ဦးစီးအရာရှိ ဆရာမကြီး ဒေါ်ပပကျော်၊ မြို့နယ်ပညာရေးမှူး ဒေါ်မသန်းစိန်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ သဲကုန်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ (ထက်၊ လယ်၊ မူ) ကျောင်းအုပ်ဆရာကြီး/ဆရာမကြီးများ၊ ကျောင်းသား/ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
သဲကုန်းမြို့နယ်တွင် အခြေခံပညာအထက်တန်း ကျောင်း(၆)ကျောင်း၊ အထက်တန်း (ခွဲ)ကျောင်း (၅) ကျောင်း၊ အလယ်တန်းကျောင်း (၇) ကျောင်း၊ အလယ်တန်း (ခွဲ) ကျောင်း (၃) ကျောင်း၊ မူလတန်း (လွန်) ကျောင်း (၁၀) ကျောင်း၊ မူလတန်းကျောင်း (၁၆၀) ကျောင်း၊ မူလတန်းခွဲ (၃) ကျောင်းစုစုပေါင်းအခြေခံပညာကျောင်း (၁၉၄) ကျောင်းနှင့် ကိုယ်ပိုင်ကျောင်း (၂) ကျောင်း၊ ဘုန်းတော်ကြီးပညာသင်ကျောင်း (၁) ကျောင်းတို့၌ KG တန်းမှ G-12 တန်းတို့တွင် ယမန်နေ့အထိ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၅၈၄၈) ဦး၊ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းတွင် (၁၅၈) ဦး လာရောက်အပ်နှံပြီးဖြစ်ရာ ဇွန်လ ၁ ရက်နေ့အထိ ကျောင်းအပ်နှံရေးရက်သီတင်းပတ်အဖြစ် ကျောင်းအပ်လက်ခံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မြို့နယ် (ပြန်/ဆက်)