ဝါးခယ်မတွင် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

ဝါးခယ်မ မေ ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့နံနက် ၉ နာရီက အ.ထ.က (၁) ကျောင်း ဒေါ်ပိုက်မိခန်းမ၌ ပြုလုပ်ခဲ့သည်။

အဆိုပါ အခမ်းအနားတွင် အ.ထ.က (၁) ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက “ မြန်မာ့ကျောင်း” သီချင်းဖြင့် ဂုဏ်ပြုသီဆိုဖွင့်လှစ်ခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက်က အဖွင့်အမှာစကားပြောကြားကာ ပညာရေးဝန်ကြီးဌာနမှ အခမဲ့ထောက်ပံ့ပေးအပ်သည့် အထက်တန်းအဆင့်အတွက် ကျောင်းသုံးပုံနှိပ်စာအုပ်၊ ဗလာစာအုပ်၊ ခဲတံ၊ ဘောပင်များအား ကျောင်းသား၊ ကျောင်းသူများထံသို့ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။

ဆက်လက်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၁) ဗိုလ်မှူးရဲမြင့်က အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအတွက်လည်းကောင်း၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်မို့မို့အောင်က မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအတွက်လည်းကောင်း၊ မြို့နယ်ပညာရေးမှူး ဒေါ်နန်းစမ်စွမ်းက အခြေခံပညာကျောင်းများအတွက် ဗလာစာအုပ်များကိုလည်းကောင်း သက်ဆိုင်ရာ တာဝန်ရှိသူများထံ အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြသည်။

ထို့နောက် အ.မ.က (စျေး)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက “တိုင်းဧရာအလှ” သီချင်းဖြင့်လည်းကောင်း၊ အ.မ.က (မင်းပိုင်း) ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက “ပြည်ထောင်စုအင်အား” သီချင်းဖြင့်လည်းကောင်း၊ အ.ထ.က (ခွဲ) ရွာသစ်ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက “ ဇာတိမာန်” သီချင်းဖြင့်လည်းကောင်း သီဆိုဖျော်ဖြေခဲ့ကြပြီး တာဝန်ရှိသူများက ဂုဏ်ပြုဆုများ ချီးမြှင့်ပေးအပ်ခဲ့ကြသည်။

ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် တာဝန်ရှိသူများက အ.ထ.က (၁) ကျောင်းရှိ ကျောင်းအပ်နှံနေမှုများကို ကြည့်ရှုအားပေးခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူများ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုမရှိစေရေးအတွက် ကျောင်းဝင်းအတွင်းရှိ ရေကန်များ၊ ရေအိုး၊ ရေစည်များအတွင်း ခြင်ခိုအောင်းကာ ပေါက်ပွားမှုမရှိစေရေးအတွက် အဘိတ်ဆေးခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများအား ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

လွှမ်းသီဟ(ပြန်/ဆက်)