သရက်ချောင်းမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ မြို့နယ်လုံးကျွတ်ကျောင်းအပ်နှံရေးနေ့အခမ်းအနားကျင်းပ

သရက်ချောင်း    မေ   ၂၇

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ မြို့နယ်လုံးကျွတ်ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့နံနက် ၉နာရီအချိန်က သရက်ချောင်းမြို့၊ (အ-ထ-က)သရက်ချောင်းကျောင်း (ပညာရတနာခန်းမ)၌ ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားသို့ သရက်ချောင်းမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သက်ထူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်ပညာရေးမှူး ဒေါ်စန်းမွှေးနှင့် ဆရာ/ဆရာမများ၊ မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ အဖွဲ့ဝင်များ၊ ကျေးရွာ/ရပ်ကွက်အုပ်ချုပ်‌ရေးမှူးများ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့ဝင်များ၊ ရပ်မိ/ရပ်ဖများနှင့် ကျောင်းသား/သူများ တက်ရောက်ကြပြီး (အ-ထ-က)သရက်ချောင်းကျောင်းမှ ကျောင်းသား/သူများက မြန်မာ့ကျောင်း သီချင်းဖြင့် သီဆိုဖျော်ဖြေကာ အခမ်းအနားဖွင့်လှစ်ခဲ့သည်။

အခမ်းအနားတွင် သရက်ချောင်းမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သက်ထူးက အခမ်းအနားသို့တက်ရောက်လာသူများအား ဦးစွာနှုတ်ခွန်းဆက်အမှာစကားပြောကြားခြင်း၊ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် လူ့စွမ်းအားအရင်းအမြစ်ဖြင့်သာ အဓိက ဆောက်တည်ရ ဖခြင်းဖြစ်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် အသိပညာ၊ အတတ်ပညာ ပြည့်စုံသည့် ပညာတတ်များပေါ်ထွက်လာစေရန် အလေးထားဆောင်ရွက်နေသကဲ့သို့ ကျောင်းနေရွယ်ကလေးအားလုံး ကျောင်းနေရေး၊ ကျောင်းသား/သူများအားလုံး အနည်းဆုံး အလယ်တန်းအဆင့် (KG+9) ပြီးမြောက်ရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိရင်သွေးငယ်များအနာဂတ်ပညာရေးတိုးတက်လာ၍ အမှား/အမှန်ဝေဖန်ပိုင်းခြားနိုင်အောင် ကျောင်းသားမိဘတိုင်းကကျောင်းအမြန်အပ်နှံကြဖို့ တိုက်တွန်းကာ အဖွင့်အမှာစကားပြောကြားသည်။

ဆက်လက်၍ သရက်ချောင်းမြို့နယ်၊ ပညာရေးမှူး ဒေါ်စန်းမွှေးက ကျောင်းနေအရွယ် ကလေးအားလုံးပညာသင်ကြားနိုင်ရေးအတွက် မသင်မနေရပညာရေးစနစ်ကို ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်ရှိကြောင်း၊ “ကျောင်းနေအရွယ် ကလေးအားလုံး စဉ်ဆက်မပြတ်ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်နှင့်အညီ အသက် ၅ နှစ်ပြည့်ပြီး ကလေးတိုင်း KG အသက် ၆နှစ်ပြည့်သူတိုင်း Grade–1 တက်ရောက်နိုင်ပြီး မည်သည့်ခွဲခြားမှုမရှိ စေရေး၊ မည်သူတစ်ဦးတစ်ယောက်မှ မကျန်ရှိစေရေး ကျောင်းကိုဝင်ရောက်လာစေရေးအတွက် မေလ ၂၂ရက်နေ့မှ ဇွန်လ ၁ရက်နေ့အထိ ကျောင်းအပ်နှံရေးသီတင်းတစ်ပတ်ဖြစ်သတ်မှတ်ခြင်း၊ ကျောင်းနေအရွယ်ကလေးသူငယ်အားလုံး ပညာသင်ယူခွင့်ရရှိစေရန်၊ ကျောင်းအပ်နှံရေး အခွင့်အလမ်းများရရှိစေရေး၊ ကျောင်းနေနှုန်း၊ ကျောင်းတက်နှုန်းမြင့်မားလာစေရန်ရည်ရွယ်ပြီး ကျောင်းအပ်နှံရေးနေ့ကို လူထုလှုပ်ရှားမှုအသွင် ကျင်းပသွားမည်ဖြစ်ကြောင်း၊ ‌ကျောင်းသား/ သူများအတွက် နိုင်ငံတော်မှ ကျောင်းသုံးဗလာစာအုပ်၊ ဘောပင်၊ ခဲတံ၊ ဝတ်စုံ၊ ပုံနှိပ်စာအုပ်များ ကို အခမဲ့ဖြန့်ဝေပေးလျက်ရှိကြောင်း ပြောကြားသည်။

ထို့နောက် သရက်ချောင်းမြို့နယ်၊ စီမံအုပ်ချူပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သက်ထူးနှင့် တာဝန်ရှိသူ များက နိုင်ငံတော်မှ အခမဲ့ဖြန့်ဝေထားသော ပုံနှိပ်စာအုပ်၊ ဗလာစာအုပ်၊ စာရေးကိရိယာနှင့် ကျောင်းဝတ်စုံများကို ကျောင်းသား/သူများအား ထောက်ပံ့‌ပေးအပ်ခဲ့ပြီးနောက် (အ-ထ-က) သရက်ချောင်းကျောင်းမှ ကျောင်းသား/သူများက ဇာတိမာန်သီချင်းဖြင့် သီဆိုဖျော်ဖြေကာ အခမ်းအနားရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ပြည့်ဖြိုးပိုင်(ပြန်/ဆက်)