လိပ်သိုမြို့၌ မိုးဉီးကျကာလ မုန်ညင်းပင်များ စိုက်ပျိုးလျက်ရှိ

လိပ်သို မေ ၂၇

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ ဒေသခံများမှာ မိုးဉီးကျကာလ၌ စားဖိုဆောင်သီးနှံအမျိုးမျိုးကို စိုက်ပျိုးလျက်ရှိကြရာ မုန်ညင်းပင်များကိုလည်း တစ်နိုင်တစ်ပိုင် စိုက်ပျိုးလျက်ရှိနေကြောင်း သိရသည်။

ဒေသခံများမှာ မိမိတို့အိမ်ခြံဝင်းအတွင်းရှိ မြေလွတ်နေရာများ၊ တောင်ယာခင်းများနှင့် လယ်ယာမြေများတွင် မုန်ညင်းပင်များကို စိုက်ပျိုးလျက်ရှိကြကြောင်း၊ မုန်ညင်းပင် စိုက်ပျိုးရာတွင် တစ်တန်းနှင့်တစ်တန်း တစ်ပေခြား၍ စိုက်ပျိုးကြပြီး စိုက်ပျိုးပြီး တစ်လခန့်အကြာတွင် ခူးယူစားသုံးနိုင်ကြောင်း၊ သဘာဝမြေဩဇာကိုသာ အသုံးပြု၍ စိုက်ပျိုးထားသဖြင့် ကျန်းမာရေးနှင့်ညီညွတ်ပြီး လတ်ဆတ်စွာ စားသုံးရကြောင်း မုန်ညင်းစိုက်ပျိုးသူ ဒေသခံ တစ်ဦးထံမှ သိရသည်။

ယခင်က တောင်ငူမြို့မှ လာရောက်ရောင်းချသော စျေးသည်များထံမှ မုန်ညင်းရွက်များကို ဝယ်ယူစားသုံးကြသော်လည်း ယခုကာလတွင် မိသားစုထွက်ငွေကို တစ်ဖက်တစ်လမ်းမှ ချွေတာနိုင်ရန်အတွက် တစ်နိုင်တစ်ပိုင် စိုက်ပျိုးလျက်ရှိကြကြောင်း သိရသည်။

ခင်လေးနွယ်