တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို ၂၀၂၅-ခုနှစ်၊ မိုးရာသီအကြို စုပေါင်းသစ်ပင် စိုက်ပျိုးပွဲတော်သို့ တက်ရောက်

ထားဝယ်   မေ ၂၇

ပြည်သူများအနေဖြင့် သစ်တောသစ်ပင်များ၏တန်ဖိုးကို အလေးထားသိရှိနားလည်နိုင်စေရေးနှင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေး၊ ရာသီဥတုကောင်းမွန်မျှတရေး၊ အရိပ်အာဝါသနှင့် မျက်စိ ပသာဒ အကျိုးများရရှိစေရေးတို့ကို ရည်ရွယ်၍ ယနေ့နံနက်(၇)နာရီခွဲက တနင်္သာရီ တိုင်းဒေသကြီး၊ ထားဝယ်မြို့၊ အောင်စည်ပင်ဆုတောင်းပြည့်ဘုရားအရှေ့၊ တိုးချဲ့ လေယာဉ်ကွင်းဧရိယာအတွင်း၌ ၂၀၂၅-ခုနှစ်၊ မိုးရာသီအကြို စုပေါင်းသစ်ပင် စိုက်ပျိုးပွဲတော်အား ကျင်းပခဲ့သည်။

ရှေးဦးစွာတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုနှင့်  ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် အောင်မျိုးထွန်းတို့က တက်ရောက်လာသူများအား သစ်ပင်ပျိုးပင်များပေးအပ်ကြသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ကျွန်းသစ်ပင် ပျိုးပင်အား စတင်စိုက်ပျိုးပေးပြီး တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်နှင့်ဝန်ကြီးများ၊ တိုင်းဒေသကြီး/ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများနှင့်ဝန်ထမ်းများ၊ ဆရာ/ဆရာမများ၊ လူမှုရေးအသင်းအဖွဲ့များက သက်မှတ်ထားသော နေရာများတွင် ပျိုးပင်အမျိုးအစား (၈)မျိုး စုစုပေါင်း ပျိုးပင်(၄၈၆)ပင်အား တပျော်တပါးစုပေါင်း စိုက်ပျိုးပေးပြီး  တိုင်းဒေသကြီဝန်ကြီးချုပ်က သစ်ပင်ပျိုးပင်စိုက်ပျိုးပေးနေမှုအား လှည့်လည်ကြည့်ရှု အားပေးခဲ့သည်။

သက်ရှိလောကတည်မြဲဖို့၊ သစ်ပင်စိုက်ပျိုးထိန်းသိမ်းစို့၊ ဇီဝမျိုးစုံကြွယ်ဝဖို့ သဘာဝတောတွေ ထိန်းသိမ်းစို့၊ သစ်တော သစ်ပင်ကျေးဇူးရှင် ထိန်းသိမ်းကြစို့ ထာဝစဉ်၊  ရှင်အောင်စိုက်ပျိုး၊ ကြီးအောင်ပြုစု၊ မြဲအောင် ထိန်းသိမ်း စသည့် ဆောင်ပုဒ်နှင့်အညီ တိုးချဲ့လေယာဉ်ကွင်းဧရိယာအတွင်း၌ ကံ့ကော်၊ မဟော်ဂနီ၊ ပျဉ်းကတိုး၊ ခရေ၊  သင်္ကန်း၊ တမလန်း၊ ကျွန်း၊ မန်ဂျန်ရှားစသည့် စုစုပေါင်းသစ်ပင် ပျိုးပင်(၄၈၆)ပင်အား စိုက်ပျိုးပေးကြသည်။

ဆက်လက်၍တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများ က ၂၀၂၄ ခုနှစ် မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်၌ စိုက်ပျိုးထားရှိသည့် သစ်ပင်များရှင်သန်ကြီးထွားနေမှုများအား လှည့်လည်ကြည့်ရှုသည်။

ထားဝယ်ခရိုင်အတွင်းရှိသစ်တောဦးစီးဌာန ပျိုးဥယျာဉ်များတွင် မိုးရာသီ လူထုဖြန့် ပျိုးပင်များအား ဌာနဆိုင်ရာများ၊ တပ်ရင်း တပ်ဖွဲ့များ၊ တက္ကသိုလ်၊ သင်တန်းကျောင်းများနှင့်  ဒေသခံပြည်သူများသို့ အခမဲ့ ဖြန့်ဝေပေးလျက်ရှိပါကြောင်းနှင့် ပျိုးပင်များ ရယူစိုက်ပျိုးလိုပါက ထားဝယ်မြို့နယ်၊ သစ်တောဦးစီးဌာနသို့ ဆက်သွယ်ပြီး ပျိုးပင်များ ထုတ်ယူနိုင်သည်။

သစ်ပင်သစ်တောများသည် လူသားများအပါအဝင် သက်ရှိအားလုံး ရှင်သန်ရပ်တည်နေထိုင်နိုင်ရန် အရေးကြီးသည့် အခန်းကဏ္ဍကနေပါဝင်နေသည့်အတွက် သစ်ပင်သစ်တောများမပြုန်းတီးရေးနှင့်  တိုးပွားစေရန် နိုင်ငံနှင့်အဝန်း၊  တိုင်းဒေသကြီးနှင့်  ပြည်နယ်အသီးသီးတွင် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲများကို နှစ်စဉ် ကျင်းပဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)