ပြည်မြို့နယ်၌ နှမ်းသီးနှံ ဘောင်ကြီးတင်စက်ကိရိယာဖြင့် စိုက်ပျိုးမှုကွင်းသရုပ်ပြပွဲကျင်းပ

ပြည် မေ ၂၇

စိုက်ပျိုးရေးဦးစီးဌာနနှင့် စက်မှုလယ်ယာဦးစီးဌာနတို့ပူးပေါင်း၍ ပြည်မြို့နယ် သစ်ချီတင်ကျေးရွာအုပ်စု၊ ရှမ်းကုန်းကျေးရွာ တောင်သူဦးမြင့်နိုင်ကွင်းအမှတ် (၄၀၁) ၏ ယာမြေတွင် ယမန်နေ့ နံနက်ပိုင်းက နှမ်းသီးနှံဘောင်ကြီးတင်စိုက်ပျိုးမှုကွင်းသရုပ်ပြပွဲကျင်းပရာ ပြည်ခရိုင်အတွင်းရှိ ပြည်မြို့နယ်၊ ပေါက်ခေါင်းမြို့နယ်၊ ရွှေတောင်မြို့နယ်၊ ပန်းတောင်းမြို့နယ်တို့မှ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံတောင်သူ ၁၀၀ ဦးခန့် တက်ရောက်ကြသည်။

အဆိုပါနှမ်းဘောင်ကြီးတင်စိုက်ပျိုးမှု ကွင်းသရုပ်ပြပွဲတွင် ဒေသခံတောင်သူများအား ပဲခူးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးဇော်ဝင်းထွန်းက ဘောင်ကြီးတင်စနစ်ဖြင့် နှမ်းသီးနှံတစ်ဧကပန်းတိုင်အထွက်နှုန်း တင်း ၂၀ နှင့်အထက် ထွက်ရှိရမည့် နည်းလမ်းများနှင့် ဘောင်ကြီးတင်စနစ်၏ အကျိုးကျေးဇူးများကို ရှင်းလင်းဆွေးနွေးခြင်းနှင့် အဓိကသီးနှံများ၏ ပန်းတိုင်အထွက်နှုန်းရရှိရေးကို ရှင်းလင်းဆွေးနွေးခဲ့သည်။

ဆက်လက်၍ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်နိုင်နှင့် ပြည်ခရိုင်စက်မှုလယ်ယာဦးစီးဌာနမှူး ဦးကိုကိုတို့မှ ပြည်ခရိုင်အတွင်း လယ်ယာလုပ်သားများလျော့ချသုံးစွဲနိုင်ရန်နှင့်​ခေတ်မီစက်ကိရိယာများ အသုံးပြု၍ စိုက်ပျိုးထုတ်လုပ်မူတိုးတက်မြင့်မားရေးကို ရှင်းလင်းပြောကြားပြီး ကွင်းသရုပ်ပြဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ကိုဆက် (ပြန်/ဆက်)