မင်းဘူး(စကု)မြို့နယ်၌ ကျေးလက်ဒေသ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေး စီမံချက်လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

မင်းဘူး မေ ၂၇

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ မကွေးတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့က ဦးဆောင်ပြီး ကျေးလက်ဒေသအမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေး စီမံချက်လုပ်ငန်းများကို ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဦးစွာ မကွေးတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ နာယက ဒေါ်ဝင်းဝင်းမြင့်၊ တိုင်းဒေသကြီး အမျိုုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ဥမ္မာဆွေနှင့် အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ် အဆင့် အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ရွာသာယာကျေးရွာရှိ အိုးလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်သည့် ဒေါ်ယဉ်သန်း၏နေအိမ်၌ အမျိုးသမီးများဦးဆောင်ကာ မိရိုးဖလာ တစ်ပိုင်တစ်နိုင် အိုးလုပ်ငန်းနှင့် မြေအိုးအမျိုးအမျိုးအား အဆင့်ဆင့်ပြုလုပ်ဆောင်ရွက်နေမှု၊ တိုင်းဒေသကြီးအတွင်း၌ “ရွာသာယာအိုး” ဟု နာမ်မည်ကြီးသော အိုးဖုတ်လုပ်ငန်းရှင် ဦးဇော်မျိုး၏ လုပ်ငန်းခွင်အတွင်း အိုးဖုတ်၊ အိုးထုတ် လုပ်ငန်းများ အဆင့်ဆင့်လုပ်ကိုင် ဆောင်ရွက်နေမှုနှင့် ဒေါ်နွယ်နွယ်၏နေအိမ်၌ ကိတ်မုန့်၊ ပေါင်မုန့် အဆင့်ဆင့်ထုတ်လုပ်ပြီး ဈေးကွက်သို့ တင်ပို့ဖြန့်ဖြူး ရောင်းချနေမှုများကို သွားရောက်ကြည့်ရှုလေ့လာခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့ နာယကနှင့် တာဝန်ရှိသူများသည် ဖလံရုံကျေးရွာရှိ ဇဗ္ဗူရတနာသိဒ္ဒိ ဘုန်းတော်ကြီးကျောင်းတိုက်၊ ကျောင်းထိုင်ဆရာတော် ကြီးအား သွားရောက်ဖူးမြော် ကြည်ညို၍ ဆရာတော်ကြီးထံမှ ငါးပါးသီလ ခံယူဆောက်တည်ကာ လွယ်ဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပြီး အဆိုပါဘုန်းတော်ကြီး ကျောင်းဝင်းအတွင်းရှိ အနန္တသုခဓမ္မာရုံ၌ ကျင်းပသည့် ကျေးလက်ဒေသအမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးစီမံချက် ကွင်းဆင်းဆောင်ရွက်ခြင်း အခမ်းအနားသို့ တက်ရောက်၍  ဆယ်အိမ်စုမှူးများ၊ ကျေးရွာအဖွဲ့ဝင်များ၊ ဒေသခံ အမျိုးသမီးများနှင့် တွေ့ဆုံသည်။

အခမ်းအနားတွင် မကွေးတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ နာယက ဒေါ်ဝင်းဝင်းမြင့်က အဖွင့်အမှာစကားပြောကြားပြီး တိုင်းဒေသကြီးအမျိုုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကျေးလက်ဒေသအမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေး စီမံချက် စာရင်းဝင် စံပြကျေးရွာဖြစ်သည့် ဖလံရုံကျေးရွာ၌ အမျိုးသမီးများကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုး တက်ရေးစီမံချက်လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ရခြင်းနှင့်ပတ်သက်သည့် ကဏ္ဍကြီး (၅)ရပ်အား ဆယ်အိမ်စုမှူးများနှင့် အပြန်အလှန် ရှင်းလင်းဆွေးနွေးပြောခြင်း၊ ကျေးရွာ တာဝန်ခံ သားဖွားဆရာမ တစ်ဦးက မိသားစုနှင့် မိမိတို့ပတ်ဝန်းကျင်၌ တစ်ကိုယ်ရည် ကျန်းမာသန့်ရှင်းရေး၊ သွေးလွန်တုတ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး၊ ကိုယ်ဝန်ဆောင်မိခင်နှင့် ရင်သွေးငယ်များ၏ ကျန်းမာရေးဆိုင်ရာ အသိပညာပေး ဟောပြောခြင်း၊ ကျေးရွာရှိ ဆယ်အိမ်စုမှူးများနှင့် အဖွဲ့ဝင်အသစ်များကို ဝတ်ဆုံ၊ အသင်းဝင်ကတ်၊ ရင်ထိုးတံဆိပ်၊ ဆံပင်အုပ်(Bow)များ ပေးအပ်ခြင်း၊ ပိုလီယိုကလေးငယ် (၁၂)ဦးအား မျက်နှာသုတ်ပုဝါ၊ မုန့်နှင့် အလှူငွေများ ပေးအပ်ခြင်း၊ ဆယ်အိမ်စုမှူးများ၊ ကျေးရွာမှ အမျိုးသမီးလူငယ်များနှင့် သီးခြား တွေ့ဆုံ၍ အနာဂတ် အမျိုးသမီးလူငယ်များ ရည်ရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် “ကျေးလက်ဒေသအမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေး” စကားဝိုင်းအဖြစ် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ ဥပဒေရေးရာ ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပြီးနောက် တက်ရောက်လာကြသူများကို လက်ဆောင်ပစ္စည်း ပေးအပ်ခဲ့သည်။

ထိုမှတစ်ဆင့် မကွေးတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့/တိုင်းဒေသကြီးမိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယက ဒေါဝင်းဝင်းမြင့်နှင့် တာဝန်ရှိသူများသည် စကုမြို့သို့ သွားရောက်ပြီး မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းပိုင် သားဖွားခန်း၌ ကျင်းပသည့် ကိုယ်ဝန်ဆောင်ထောက်ပံ့ခြင်းနှင့် မျိုးဆက်ပွားအသိပညာပေးခြင်း အခမ်းအနားသို့ တက်ရောက် အမှာစကား ပြောကြားကာ သားဖွာဆရာမ ဒေါ်ခင်ပိုမှ ကိုယ်ဝန်ဆောင်မိခင်နှင့် ရင်သွေးငယ်များ၏ ကျန်းမာရေးဆိုင်ရာများ၊ ကိုယ်ဝန်ဆောင် မိခင်များ မျိုးဆက်ပွားခြင်းနှင့် သားဆက်ခြားခြင်း စသည်တို့ကို အသိပညာပေး ဆွေးနွေးပြောကြားခဲ့ပြီးနောက် တာဝန်ရှိသူများက ကိုယ်ဝန်ဆောင်မိခင် (၁၀)ဦးအတွက် အာဟာရ ဖြည့်စွက် အစားအစာများနှင့် အလှူငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

မောင်မောင်(မင်းဘူး)