မကွေး မေ ၂၇
မြန်မာ့ဘောလုံးအားကစား ကျယ်ပြန့်စွာ တိုးတက်မြင့်မားရေးကို အထောက်အကူပြုစေရေး၊ မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ ဘောလုံးအားကစားသမားများအချင်းချင်း သွေးစည်းညီညွတ်မှုစိတ်ဓာတ်နှင့် ပြည်ထောင်စုစိတ်ဓာတ်များ ပိုမိုထွန်းကားလာစေရေးနှင့် ထူးချွန်ထက်မြက်သည့် မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ ခရိုင်ပေါင်းစုံ အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းနားကို ယမန်နေ့ ညနေပိုင်းက မကွေးမြို့၊ တိုင်းဒေသကြီးပြည်သူအားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်၊ အနောက်ပိုင်း လေတပ်ကွပ်ကဲမှုဌာနချုပ်မှူး ဗိုလ်မှူးချုပ် သိန်းထွန်းဦး၊ တိုင်းဒေသကြီးတရား လွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဥပဒေချုပ်၊ တိုင်း/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ရပ်မိရပ်ဖနှင့် လူငယ် မောင်မယ်များ၊ ဖိတ်ကြားထားသော အားကစား ဝါသနာရှင်များ၊ နည်းပြများ၊ အုပ်ချုပ်သူများနှင့် ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ကြသည်။
ထိုနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် ၂၀၂၅ ခုနှစ်၊ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက် (၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲစဉ်အဖြစ် အောင်လံခရိုင် အသင်းနှင့် သရက်ခရိုင်အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုအား ကြည့်ရှုအားပေးကာ (သရက်) ခရိုင်အသင်းမှ (၄) ဂိုး (၂) ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
ဆက်လက်၍ ဆုပေးပွဲအခမ်းအနား ကျင်းပရာ ပွဲစဉ်တစ်လျှောက် အကောင်းဆုံး ဂိုးသမားဆု၊ အကောင်းဆုံးနောက်တန်း ကစားသမားဆု၊ အကောင်းဆုံး အလယ်တန်းကစားသမားဆု၊ အကောင်းဆုံးရှေ့တန်း ကစားသမားဆု၊ အကောင်းဆုံး အားကစားသမားဆုနှင့် ပြိုင်ပွဲတွင် ဒုတိယဆုရရှိသော (အောင်လံ) ခရိုင်အသင်းနှင့် အနိုင်ရဗိုလ်စွဲခဲ့သော (သရက်) ခရိုင်အသင်းတို့အား တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တာဝန်ရှိသူများက တစ်ဦးချင်း ဆွဲပြားများ၊ ဆုကလပ်နှင့် ငွေသားဆုများအား အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
မောင်ခိုင်မင်း ( ပြန်/ဆက်)