ထားဝယ် မေ ၂၆
တနင်္သာရီတိုင်းဒေသကြီးရင်းနှီးမြှပ်နှံမှုကော်မတီ၏ (၂/၂၀၂၅) ကြိမ်မြောက်အစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၁ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပ သည်။
အစည်းအဝေးတွင် တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက ယနေ့ရင်းနှီး မြှပ်နှံမှုကော်မတီ အစည်းအဝေးတွင် ညှိနှိုင်းဆုံးဖြတ်ပေးရမည့် လုပ်ငန်း(၃)ခုရှိကြောင်း၊ တိုင်းဒေသကြီးအနေဖြင့် အခြားတိုင်းဒေသကြီး/ပြည်နယ်နှင့်နှိုင်းယှဉ်ကြည့်ပါက ရင်းနှီးမြှပ်နှံမှုများပြားသည်ကို တွေ့ရှိရကြောင်း၊ အထူးသဖြင့် ခရီးသွားလုပ်ငန်းရှိပြီး ရေလုပ်ငန်းနှင့်ပတ်သက်သည့်များလည်းရှိကြောင်း၊ တိုင်းဒေသကြီးတွင် ရင်းနှီးမြှပ်နှံမှုအနေဖြင့် အတိုင်းအတာတစ်ခုအထိ ရင်းနှီးမြှပ်နှံ ဆောင်ရွက်ကြသူများရှိပြီး ယခုထက်ပို၍ တိုးပွားအောင် ဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီမှထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကန်ဘောက်ကျေးရွာ၌ သဘာဝဓါတ်ငွေ့ သုံးအင်ဂျင်စက်များဖြင့် လျှပ်စစ်ဓါတ်အားထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းဆောင်ရွက်နေသော Petro & Trans Co. Ltd ; က လည်းကောင်း၊ မြိတ်မြို့နယ်တွင် Heavy Fuel Oil (HFO) သုံး အင်ဂျင်စက်များဖြင့် လျှပ်စစ်ဓါတ်အား ထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းဆောင်ရွက်နေသော Petro & Trans Co.Ltd ကလည်းကောင်း၊ ကွင်းအမှတ် (၁/OSS)၊ စူငယ်စနန်းငင်း ကြေးတိုင်ပြင်ကွင်း၊ စူငယ်ဘာလိုင်းကျေးရွာအုပ်စု၊ ကော့သောင်းမြို့နယ်တွင် ဟိုတယ်နှင့်ဆက်စပ် ဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက်နေသော Kento Trading Co., Ltd. က တည်ဆောက်ရေးကာလ ပထမအကြိမ် တိုးမြှင့်ခြင်းနှင့် ပတ်သက် ၍ လည်းကောင်း ရှင်းလင်းဆွေးနွေးတင်ပြကြသည်။
ဆက်လက်၍တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ အတွင်းရေးမှူးနှင့် ကော်မတီဝင်များက ဆွေးနွေးတင်ပြချက်များအပေါ်တွင် လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ညှိနှိုင်းဆောင်ရွက်ပေးကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)