ဝါးခယ်မ မေ ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် မွေးဖွားမှု၊ သေဆုံးမှု စာရင်းတိုက်ဆိုင်စစ်ဆေးခြင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၉ နာရီက ရွှေခယ်သီရိ အားကစားခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက်က နိုင်ငံတော်အနေဖြင့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတစ်ရပ်ကို ယခုနှစ်ကုန်ပိုင်းတွင် ကျင်းပပြုလုပ်နိုင်ရေး ပြင်ဆင်ဆောင်ရွက်ရှိရာ အခြေခံမဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက် မြေပြင်ရှိ လူဦးရေစာရင်းများ မှန်ကန်စေရေး အလေးထားဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ဆန္ဒမဲပေးပိုင်ခွင့် ရှိသူတိုင်း မဲပေးခွင့်ရှိစေရေးအတွက် လူဦးရေစာရင်းများ တိကျမှန်ကန်မှုရှိစေရေး မြေပြင်ကွင်းဆင်း အဖွဲ့များဖြင့် စာရင်းကောက်ယူခြင်းများ လုပ်ဆောင်၍ စတုတ္ထမူကြမ်း ပေးပို့တင်ပြပြီးဖြစ်ကြောင်း၊ ပဥ္စမမူကြမ်းပေးပို့နိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်ရာတွင် စာရင်းဇယားအချက်အလက်များ ပြည့်စုံမှန်စေရေးနှင့် ကွဲလွဲမှုများမရှိစေရေး အလေးထားဆောင်ရွက်ရန်လိုအပ်ကြောင်း၊ မွေးဖွားမှု၊ သေဆုံးမှုစာရင်း တိုက်ဆိုင်စစ်ဆေးရာတွင် ကိန်းဂဏန်းအချက်အလက်များ၊ လူတစ်ချင်းစီ၏ အချက်အလက်များ မှန်ကန်စေရေးအလေးထား ဆောင်ရွက်ရန်လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးရွှေသာနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးမှူး အဆင့် ၁ ဦးမြတ်မင်းထွေးသန်းတို့က မြေပြင်ရှိ လူဦးရေစာရင်းများ တိုက်ဆိုင်စစ်ဆေးရာတွင် သတိပြုရမည့် အချက် အလက်များအား ရှင်းလင်း ပြောကြားခဲ့သည်။
အဆိုပါ မွေးဖွားမှု၊ သေဆုံးမှု စာရင်းတိုက်ဆိုင်စစ်ဆေးခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှရပ်ကွက်၊ ကျေးရွာစာရေးဝန်ထမ်းများ၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဝန်ထမ်းများ၊ ကျန်းမာရေးဦးစီးဌာန၊ ကျေးလက်ကျန်းမာရေးဌာနခွဲများမှ တာဝန်ရှိသူများ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့မှ တာဝန်ရှိသူများက ဆောင်ရွက်ခဲ့ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများက ကြပ်မတ် ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
လွှမ်းသီဟ