မြန်အောင်တွင် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

မြန်အောင် မေ ၂၇

၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြန်အောင်မြို့နယ်ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်ပညာရေးမှူးရုံး ပညာရတနာခန်းမ၌ ၂၀၂၅ ခုနှစ်၊ မေလ ၂၅ ရက်နေ့နံနက်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြန်အောင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်က “ကျောင်းနေအရွယ် ကလေးအားလုံး စဥ်ဆက်မပြတ်ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်နှင့်အညီ ကျောင်းနေအရွယ်ကလေးများအားလုံး ကျောင်းအပ်နှံရေးနှင့် ပညာသင်ကြားနိုင်ရေးအတွက် ကျောင်းသား၊ ကျောင်းသူများ၊ မိဘများ၊ ဆရာ/ဆရာမများ အားလုံးပူးပေါင်း ပါဝင် ဆောင်ရွက်ကြရန် အဖွင့်အမှာစကားပြောကြားပြီး မြန်အောင်ခရိုင်ပညာရေးမှူး ဦးမြင့်အောင်က ကျောင်းအပ်နှံရေးအစီအစဥ်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ နိုင်ငံတော်မှ အခမဲ့ထောက်ပံ့ပေးသည့် ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်များ၊ စာရေးကိရိယာများနှင့် မူလတန်းဆင့်ကျောင်းဝတ်စုံများအား မြန်အောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးလှိုင်၊ ခရိုင်ပညာရေးမှူး ဦးမြင့်အောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမင်းထွန်း၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နေခြည်ဝင်း၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ ဒေါ်သင်းလှိုင်ဦး၊ မြို့နယ်ပညာရေးမှူး(တာဝန်ခံ) ဦးဝင်းချိုဦးတို့က မြို့နယ်အတွင်းရှိ မူလတန်းဆင့်၊ အလယ်တန်းဆင့်၊ အထက်တန်းဆင့် ကျောင်းသား/ကျောင်းသူများအတွက် ပေးအပ် ခဲ့ကြသည်။ အခမ်းအနားတွင် အ.လ.က ကသစ်ကုန်းကျောင်းအတွက် အလှူငွေ ကျပ်တစ်သိန်းကို မဆုဆုဇော်(ရန်ကုန်) ကပေးအပ်လှူဒါန်းရာ ကျောင်းအုပ်ဆရာကြီးက လက်ခံရယူခဲ့သည်။

ထို့နောက်မြန်အောင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင် ဦးဆောင်၍ မြန်အောင်မြို့ အ.မ.က တာကြီးတန်းကျောင်းနှင့် အ.ထ.က(၂) မြန်အောင်နေခြည်တို့တွင် ကျောင်းအပ်လက်ခံနေမှုအား ကြည့်ရှုအားပေးပြီး ကျောင်းသား/ကျောင်းသူများအား နိုင်ငံတော်မှ အခမဲ့ထောက်ပံ့ပေးသည့် ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်များ၊ စာရေးကိရိယာများ ပေးအပ်ခဲ့ကြသည်။

ဝင်းဗိုလ်