ဝါးခယ်မ မေ ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမဖွင့်လှစ်မီ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဖြစ်သည့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ၊ အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းများကို ယမန်နေ့နံနက်က ရွာသစ်ရပ်ကွက်၊ အ.ထ.က (ခွဲ) ရွာသစ်ကျောင်းအပါအဝင် မြို့ပေါ်ရှိ အခြေခံပညာကျောင်းများ၌ ပြုလုပ်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ဆရာ၊ ဆရာမများ၊ အသင်းအဖွဲ့များ၊ ပြည်သူများပူးပေါင်းကာ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်စေရန်အတွက် ခြင်များခိုအောင်းနိုင်သော နေရာများအား ရှင်းလင်းခြင်း၊ ခြင်များပေါက်ပွားမှု မရှိစေရေးအတွက် သောက်သုံးရေကန်များ၊ ဘုရားပန်းအိုးများ၊ ရေအိုး၊ ရေစည်များအား ဖုံး၊ သွန်၊ လဲ၊ စစ် ပြုလုပ်ခြင်း၊ အဘိတ်ဆေးခတ်ခြင်းနှင့် ပြည်သူများအား သွေးလွန်တုပ်ကွေးရောဂါ အသိပညာပေးဟောပြောခြင်းတို့ကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဝါးခယ်မမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမဖွင့်လှစ်မီ ကျောင်းသား၊ ကျောင်းသူများ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုမရှိစေရေးအတွက် ကြိုတင်ကာကွယ်မှုလုပ်ငန်းများအား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျေးလက်ကျန်းမာရေးဌာနခွဲများမှဝန်ထမ်းများ၊ ရပ်ကွက်၊ ကျေးရွာများမှ တာဝန်ရှိသူများက အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)