ဟင်္သာတ မေ ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့တွင် ကျောင်းသား၊ ကျောင်းသူလူငယ်များစုပေါင်း၍ “မြို့၊ ရွာ၊ ရပ်ကွက်သန့်ရှင်းရေး ဝိုင်းဝန်းကူညီဆောင်ရွက်ပေး”ခေါင်းစဥ်ဖြင့် ပလတ်စတစ် အမှိုက်များ ကောက်ယူသိမ်းဆည်းခြင်းလှုပ်ရှားမှုကို ယမန်နေ့မနက်ပိုင်းက ဟင်္သာတမြို့ တာငါးဆယ်တောင်ရပ်ကွက်ရှိ၊ ဇွဲကပင်လမ်းနှင့် ရပ်ကွက်အတွင်းရှိ လမ်းများပေါ်တွင် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါလှုပ်ရှားမှုကို ဇွန်လ ၅ ရက်နေ့တွင်ကျရောက်မည့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် ဟင်္သာတခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် ဖွင့်လှစ်လျက်ရှိသော လူငယ်များ ဘက်စုံဖွံ့ဖြိုးရေးသင်တန်းမှ သင်တန်းသား/သူ ၄၀ ဦးတို့က စုပေါင်းဆောင်ရွက်ကြခြင်း ဖြစ်သည်။ လူငယ်များ၏ ပလတ်စတစ်ကမ်ပိန်းဆောင်ရွက်မှုအတွက် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ခေတ္တအုပ်ချုပ်ရေးမှူး ဦးအောင်ဇော်မင်း၏ ပံ့ပိုးကူညီမှုနှင့်အတူ မြို့နယ် စည်ပင်သာယာမှတာဝန်ရှိသူများ၊ ပတ်ဝန်းကျင်ထိမ်းသိမ်းရေးဦးစီးဌာန၊ ပြန်/ဆက်ဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနတို့က လူငယ်များအတွက် လိုအပ်သည်များကို ဝိုင်းဝန်းကူညီ ပူးပေါင်း ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါကျောင်းသား/သူလူငယ်များ၏ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာသို့ ဟင်္သာတခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်လှိုင်က ကလေးငယ်များ၏ လုပ်ဆောင်မှုများအတွက် လာရောက်အားပေးခဲ့ကြောင်း သိရသည်။ ကျောင်းသား/သူများ၏ ပလတ်စတစ်အမှိုက်များ သိမ်းဆည်းရာတွင် “အမှိုက်ကောက်တာရှက်စရာမဟုတ်၊ အမှိုက်ချတာရှက်စရာ”၊ “မြို့ရွာ သန့်ရှင်းရောဂါကင်း”၊ “မြို့၊ ရွာ၊ ရပ်ကွက်သန့်ရှင်းရေး ဝိုင်းဝန်းကူညီဆောင်ရွက်ပေး”၊ “လမ်းသွားရင်း အမှိုက်ပစ်မချခြင်းဖြင့် ကူညီပါ”၊ “အမှိုက်ကို အမှိုက်ပုံးထဲတွင် သာပစ်ပါ”၊ “တစ်စမြင် တစ်စကောက်အမှိုက် အစပျောက်”၊ “မြို့တစ်ခွင် သာယာလှပဖို့ စုပေါင်းအားဖြင့် အမှိုက်ကောက်စို့”၊ “စည်းကမ်းရှိမှ မြို့တော်သာယာလှပ”စသည့် ဆောင်ပုဒ်များကိုင်ဆောင်၍ ပြည်သူလူထုအား အသိပညာပေးခြင်း၊ ခရိုင်ပတ်ဝန်ကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ကမ်း စာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)