ဘားအံ မေ ၂၆
ကျောင်းသား၊ကျောင်းသူ မျိုးဆက်သစ်လူငယ်မောင်မယ်များကို နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း အသိပညာများဖွံ့ဖြိုးတိုးတက်စေရန်၊ အားလပ်ရက်များကိုအကျိုးရှိစွာအသုံးချနိုင်စေရန်၊ မိမိဝါသနာပါသည့်ပညာရပ်များကို လေ့လာဆည်းပူးနိုင်စေရန်နှင့်နိုင်ငံတော်အတွက် ရေကြောင်းပညာကျွမ်းကျင်သော အနာဂတ်မျိုးဆက်သစ် လူငယ်များပေါ်ထွန်းလာစေရန် ရည်ရွယ်ဖွင့်လှစ်ခဲ့ သည့် နွေရာသီရေကြောင်းလူငယ်အခြေခံသင်တန်း အမှတ်စဉ် (၁/၂၀၂၅) ဘားအံစခန်းမှ သင်တန်းသား၊ သင်တန်းသူများ၏ အတွေ့အကြုံရှင်းလင်းပွဲကို မေလ ၂၄ ရက်နေ့ မွန်းလွဲ ၁ နာရီက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပခဲ့သည်။
ဦးစွာ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက သင်တန်းမှလေ့လာဆည်းပူးခဲ့ကြသည့် ရေကြောင်းဆိုင်ရာ အခြေခံပညာရပ်များကို ဆက်လက်လေ့လာဆည်းပူးသင်ယူ၍ စာတွေ့လက်တွေ့ ပေါင်းစပ် ပြီး စိတ်ဓာတ်စည်းကမ်းကောင်းမွန်၍ ကျန်းမာကြံ့ခိုင်သည့်ထူးချွန်ထက်မြက်သော လူငယ်၊ လူရွယ်များဖြစ်အောင်၊ အသိပညာရှင်၊ အတတ်ပညာရှင်များ၊ ထက်မြက်သည့်လူ့စွမ်းအား အရင်းအမြစ်များဖြစ်အောင် ဆက်လက်ကြိုးစားကြစေလိုကြောင်း အဖွင့် အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။
ရေကြောင်းလူငယ်အခြေခံသင်တန်းဘားအံစခန်းမှ ရေကြောင်းလူငယ်စခန်းပေါင်းစုံတွေ့ဆုံပွဲနှင့် စွမ်းရည်ပြိုင်ပွဲတွင် အပြည်ပြည်ဆိုင်ရာဝမ်းပြားလှေ(၄)ယောက်လှော်ပြိုင်ပွဲ အမျိုးသား ပထမ၊ အမျိုးသမီး ပထမ၊ ရေတပ်သား ဘာသာရပ်(လက်တွေ့/ရေးဖြေ) ဒုတိယ၊ လက်ရိုက်အလံ အချက်ပြဆက်သွယ်ရေး တတိယ၊ စခန်းအလိုက် အကောင်းဆုံး ဒုတိယဆုများကိုရယူဆွတ်ခူးနိုင်ခဲ့ပြီး သင်တန်းသား၊ သင်တန်းသူများက ရရှိလာသောဆုတံဆိပ်များကို ပြည်နယ်ဝန်ကြီးချုပ်ထံ အပ်နှံကြရာ ပြည်နယ်ဝန်ကြီးချုပ်က ဂုဏ်ပြုဆုငွေများပြန်လည်ပေးအပ်ချီးမြှင့်သည်။
ထို့နောက် ရေကြောင်းလူငယ်အခြေခံသင်တန်းသား၊သင်တန်းသား(၃)ဦးက သင်တန်းကာလ ရက်သတ္တပတ် (၅)ပတ်တာကာလအတွင်း သင်ကြားလေ့ကျင့်ခဲ့ရသော ဘာသာရပ်များ၊ စခန်း ပေါင်းစုံတွေ့ဆုံပွဲ၊ စွမ်းရည်ပြိုင်ပွဲ အတွေ့အကြုံများ၊ ရန်ကုန်မြို့ ရေတပ်သင်္ဘောကျင်းဌာနချုပ်၊ ရေတပ်လေ့ကျင့်ရေးဌာနချုပ်ရှိ တပ်မတော်(ရေ)၏ သမိုင်းဝင် စစ်ရေးယာဉ်ဖြစ်သော ဖရီဂိတ် စစ်ရေယာဉ်(မေယု)၊ စစ်ရေယာဉ်(မုတ္တမ)တို့အား လိုက်ပါစီးနင်းလေ့လာ ခြင်း၊ နျူကလီးယာ နည်းပညာစင်တာ၊ တပ်မတော်(လေ)၊ အမျိုးသားပြတိုက်တို့အား သွားရောက်လေ့လာခြင်း၊ ရွှေတိဂုံ စေတီတော်မြတ်ကြီးအား သွားရောက်ဖူးမြော်ခြင်း အတွေ့အကြုံများကို အပိုင်းလိုက်ရှင်းလင်း တင်ပြကြသည်။
ယင်းနောက် သင်တန်းကာလတစ်လျှောက် ဘာသာရပ်များလေ့ကျင့်သင်ကြားခဲ့ရမှု၊ စခန်းပေါင်းစုံ တွေ့ဆုံပွဲ၊ စွမ်းရည်ပြိုင်ပွဲနှင့်လေ့လာရေးခရီးစဉ် မှတ်တမ်းဗီဒီယိုကို အတူတကွကြည့်ရှုခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ရေကြောင်းလူငယ်အခြေခံသင်တန်း အမှတ်စဉ်(၁/၂၀၂၅) ဘားအံစခန်း သင်တန်းတာဝန်ခံအရာရှိကြီးနှင့် သင်တန်းနည်းပြများအတွက် ငွေကျပ်(၁၀)သိန်းကို ပေးအပ်ချီးမြှင့် ကာ သင်တန်းဆင်းသင်တန်းသား၊သင်တန်းသူများ၊ ကြီးကြပ်ဆရာ၊ဆရာမများ၊ သင်တန်းနည်းပြများအား ရင်းနှီးနွေးထွေးစွာတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများ ပြောကြားခဲ့ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)