ပေါင်းတည် မေ ၂၆
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ နွေစပါးများ ရိတ်သိမ်းလျက်ရှိပြီး စပါးစျေးကောင်းမွန်ရေး တောင်သူများ မျှော်လင့်လျက်ရှိကြောင်း သိရသည်။
ယခုစပါးပေါ်ချိန်၌ တောင်သူများ စိုက်ပျိုးထုတ်လုပ်ထားသော စပါးမျိုးနှင့် စပါးအရည်အသွေးအပေါ်မူတည်၍ စျေးနှုန်းကွာခြားမှုများ ရှိနေမည်ဖြစ်ကြောင်း၊ ပြည်တွင်း စားနပ်ရိက္ခာဖူလုံရေးနှင့် သက်သာချောင်ချိရေးအတွက် စပါးအထွက်တိုးအောင် စိုက်ပျိုးထုတ်လုပ်ရေးအပြင် နိုင်ငံတကာနှင့်အပြိုင် ပြည်ပစျေးကွက်များသို့ ထိုးဖောက်တင်ပို့ရာ၌လည်း ယင်းတို့ဝယ်လိုသည့်အနေအထားနှင့် ကိုက်ညီသည့် အရည်အသွေးပြည့်မီစပါးများသာ ဝယ်လိုအားကောင်းနိုင်ပြီး စျေးကောင်းလည်း ရနိုင်မည်ဖြစ်ကြောင်း၊ ပစ္စည်းကောင်းမှ စျေးကောင်းရနိုင်မည်ဖြစ်ရာ မျိုးရွေးချယ်မှု၊ သဘာဝမြေဆီမြေနှစ်ပြည့်ဝရန် စိုက်ပျိုးမြေပြုပြင်မှု၊ ခေတ်မီစိုက်ကွင်းများဖြင့် စနစ်တကျခေတ်မီ စိုက်ပျိုးမှုနှင့် ကမ္ဘာ့ဆန်စပါးစျေးကွက်လိုအပ်ချက်များကို တောင်သူများအနေဖြင့် လေ့လာအားထုတ်မှုအားနည်းနေသေးကြောင်း ဒေသတွင်းမှ ဝါရင့်စိုက်ပျိုးရေးနှင့် သီးနှံရောင်းဝယ်မှုလေ့လာသူတစ်ဦးမှ သိရသည်။
လတ်တလောအချိန်တွင် ဆန်စပါးကုန်သည် ကိုယ်စားလှယ်များနှင့် ပွဲစားများက တောင်သူများထံမှ နွေစပါးတင်း ၁၀၀ လျှင် ကျပ် ၁၀ သိန်း ဝန်းကျင်စျေးနှုန်းဖွင့်ကာ စပါးရောင်းဝယ်နိုင်ရေးကြိုးပမ်းလျက်ရှိကြောင်း၊ တောင်သူများအနေဖြင့် ယခုပေါက်စျေးသည် ရောင်းဝယ်ရန် မသင့်သဖြင့် ရိတ်သိမ်းထားသော စပါးများကို လက်ဝယ်ထားရှိကာ ပြည်တွင်း ပြည်ပ ဝယ်လိုအားနှင့် စျေးနှုန်းတိုးတက်ပြောင်းလဲမှု အခြေအနေများကို နေ့စဉ်စောင့်ကြည့်လေ့လာလျက်ရှိကြသည်။
ယခုနှစ် မြို့နယ်အတွင်းရှိ တောင်သူအများစု၏ နွေစပါးများမှာ အထွက်နှုန်းကောင်းမွန်ကြသော်လည်း စိုက်ပျိုးစရိတ်အပါအဝင် အထွေထွေကုန်ကျစရိတ်များ ရင်းနှီးမြှုပ်နှံထားရသဖြင့် ထွက်ရှိသည့် စပါးများ စျေးကောင်းရရှိရန် လိုအပ်နေကြောင်း တောင်သူများထံမှ သိရသည်။
ရွှေသား