ကန့်ဘလူမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် စာဖတ်ဝိုင်း၊ စာဖတ်စွမ်းရည်ပြိုင်ပွဲများကျင်းပ

ကန့်ဘလူ မေ ၂၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြင့်မိုရ်ကိုယ်ပိုင်အထက်ကျောင်းတို့ပူးပေါင်းပြီး စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် စာဖတ်ဝိုင်း၊ စာဖတ်စွမ်းရည်ပြိုင်ပွဲများကို မေလ(၂၄)ရက်နေ့မွန်းလွဲ ၂ နာရီက လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမြင့်က ကျောင်းသား၊ ကျောင်းသူများ ကာယ၊ ဉာဏစွမ်းရည်မြင့်မားစေရန်၊ စာပေလေ့လာဖတ်ရှုလိုသည့် အကျင့်ကောင်းများရရှိစေရန်၊ စာဖတ်ခြင်းဖြင့်ရရှိလာမည့် အကျိုးကျေးဇူးများကို အသိပညာပေးဆွေးနွေးဟောပြောသည်။

ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားရေး၊ပြင်ပစာပေဗဟုသုတ ကြွယ်ဝစေရေး၊ လူအများရှေ့ပြောဆိုဆွေးနွေးတတ်သည့် အလေ့အကျင့်များနှင့် နှုတ်မှုစွမ်းရည်များ တိုးတက်လာစေရေးတို့အတွက် စာဖတ်ဝိုင်း၊ စာဖတ်စွမ်းရည်ပြိုင်ပွဲများကျင်းပပေးရာ ကျောင်းသား ကျောင်းသူ ၃၀ တို့က အမြင်ချင်းဖလှယ် အပြန်အလှန်ဆွေးနွေးကာ ယှဉ်ပြိုင်ခဲ့ကြသည်။ ထို့နောက် ခင်းကျင်းပြသထားသည့် အသိပညာပေးစာအုပ်စာစောင်များနှင့် နံရံကပ်စာစောင်များကို လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ပြန်/ဆက်)