မင်းဘူး မေ ၂၆
မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ပလတ်စတစ်ပစ္စည်းများ အလွန်အကျွံသုံးစွဲခြင်းကြောင့် ကြုံတွေ့ရမည့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုအန္တရာယ်များ လျော့နည်းစေရေးအတွက် ဈေးရောင်း၊ ဈေးဝယ်နှင့် ရပ်ကွက်နေပြည်သူများသိရှိစေရန် ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး အသိပညာပေးခြင်းကို ယနေ့ နံနက် ၈ နာရီခွဲက မင်းဘူးမြို့ မြို့မဈေးကြီး၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးကော်မတီအဖွဲ့ဝင်များ၊ ပတ်ဝန်ကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ဈေးကော်မတီဝင်များပူးပေါင်းပါဝင်ပြီး မင်းဘူးမြို့ မြို့မဈေးကြီးနှင့် ပျံကျဈေး အတွင်း/အပြင်ရှိ ဈေးရောင်းဈေးဝယ်များနှင့်တွေ့ဆုံကာ ဈေးရောင်းချရာတွင် သဘာဝပတ်ဝန်းကျင်ကို ဆိုးကျိုးဖြစ်စေသည့် ပလတ်စတစ်ပစ္စည်းများ သုံးစွဲခြင်းမပြုရန်နှင့် ပလတ်စတစ်အစားထိုးပစ္စည်းများဖြစ်သည့် ငှက်ပျောဖက်၊ အင်ဖက်၊ စက္ကူတို့ဖြင့်သာ ထုပ်ပိုးရောင်းချသွားကြရန်၊ ပြည်သူများ အစားအစာဘေးကင်းလုံခြုံရေးအတွက် သန့်ရှင်းလတ်ဆပ်သော အသား/ ငါး၊ အသီးအရွက်နှင့် စားကုန်ပစ္စည်းများကို စနစ်တကျရောင်းချကြရန်နှင့် ဈေးဆိုင်ခန်းများဝန်းကျင် သန့်ရှင်းသပ်ရပ်မှုရှိစေရေး အလေးထားဆောင်ရွက်ရန်တို့ကို အသိပညာပေး ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် ဌာနဆိုင်ရာတာဝန်ရှိသူများပူးပေါင်းအဖွဲ့က ဈေးရောင်းဈေးဝယ်ပြည်သူများကို သဘာဝပတ်ဝန်းကျင်ကာကွယ်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးပြီး ပလတ်စတစ်ပစ္စည်းများ လျှော့ချနိုင်ရေးအတွက် ပလတ်စတစ်ပစ္စည်းအစားထိုး အသုံးပြုနိုင်ရန် ငှက်ပျောဖက်၊ အင်ဖက်၊ ကြာဖက်၊ စက္ကူတို့ကို အခမဲ့ဖြန့်ဝေပေးခဲ့ကြပြီး ဈေးဝန်းကျင်သန့်ရှင်းရေး၊ ဈေးအတွင်းရှိ အများသုံးသန့်စင်ခန်းများ သန့်ရှင်းသပ်ရပ်စေရေးနှင့် ရေလုံလောက်မှု ရှိ/ မရှိ ကြည့်ရှုစစ်ဆေး ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဝင်းနိုင်