ပွင့်ဖြူ ဒီဇင်ဘာ ၁၁
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ် သရက်အုပ်ကျေးရွာအုပ်စုအတွင်းရှိ မုန်းချောင်းအနီးကျေးရွာများမှ ဒေသခံတောင်သူများသည် မုန်းချောင်းရေနှင့် မြေအောက်ရေကို စနစ်တကျသုံးစွဲ၍ ရုံးပတီသီးနှံ စိုက်ပျိုးရေးလုပ်ငန်းအား စီးပွားဖြစ်စိုက်ပျိုး လုပ်ကိုင်ကြကြောင်း သိရကာ စိုက်ပျိုးရေအဆင်ပြေမှုကြောင့် ရုံးပတီသီးနှံစိုက်ခင်းများမှာ အောင်မြင်ဖြစ်ထွန်းမှုရှိပြီး ဈေးကောင်းရရှိ၍ လုပ်ငန်းအဆင်ပြေနေကြကြောင်း ပွင့်ဖြူမြို့နယ် ညောင်ကုန်းကျေးရွာမှ ဒေသခံတောင်သူများထံက သိရသည်။
ရုံးပတီသီးနှံစိုက်ပျိုးရေးလုပ်ငန်းသည် စိုက်ပျိုးပြီး (၂)လကြာပါက အသီးများလှိုင်သီးကာ စတင်ဆွတ်ခူးရောင်းချရ ကြောင်း ၊ လက်ရှိတွင် ဈေးကွက်၌ ရုံးပတီသီးတစ်တောင့်လျှင် ၅ ကျပ်နှုန်း ရောင်းချရပြီး ၊ အောင်မြင်ဖြစ်ထွန်းမှုရှိပြီး အသီးများ လှိုင်လှိုင်ဆွတ်ခူး ရောင်းချနေရသဖြင့် စီးပွားရေး တွက်ချေကိုက်လျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် ပွင့်ဖြူမြို့နယ် ညောင်ကုန်းကျေးရွာမှ ဟင်းသီးဟင်းရွက်စားပင်သီးနှံစိုက်ပျိုးလုပ်ကိုင်သူ ကိုသန်းဌေးအောင် က ပြောသည်။
“ကျွန်တော်တို့ ပွင့်ဖြူမြို့နယ်က ဒေသခံတောင်သူတွေဟာ မုန်းချောင်ရေနဲ့ မြေအောက်ရေကို အကျိုးရှိစွာအသုံးချပြီး ဟင်းသီးဟင်းရွက်စားပင်သီးနှံမျိုးစုံကို စီးပွားဖြစ်စိုက်ပျိုးလုပ်ကိုင်ကြပါတယ်။ စိုက်ပျိုးတဲ့စားပင်သီးနှံတွေကတော့ ဘူး ၊ ဖရုံ ၊ သခွား ၊ ခရမ်း ၊ ခရမ်းချဉ် ၊ ငရုတ် ၊ ကြက်သွန် ၊ ဖူးစားပြောင်း ၊ ကြက်ဟင်းခါး ၊ မုံလာဉဖြူ ၊ ပန်းမုံလာ ၊ နံနံပင် ၊ တိုင်ထောင်ပဲ ၊ ချဉ်ပေါင် ၊ ကန်စွန်း စတဲ့ သီးနှံတွေကို အဓိကစိုက်ပျိုးကြပါတယ်။ ယခုလို ကိုဗစ် - ၁၉ ကာလမှာ ဟင်းသီးဟင်းရွက် စားပင်သီးနှံစိုက်ပျိုးရေးလုပ်ငန်းဟာ မိသားစုစားဝတ်နေရေးအတွက် နေ့စဉ်ဝင်ငွေရရှိလို့ ဒေသခံတောင်သူ တွေက အားထားစိုက်ပျိုး လုပ်ကိုင်ကြပါတယ်။ စိုက်ပျိုးတဲ့ ဟင်းသီးဟင်းရွက်စားပင်သီးနှံတွေထဲမှ ရုံးပတီသီးနှံ ဟာလဲ အောင်မြင်ဖြစ်ထွန်းမှုရှိပြီး ဈေးကောင်းရရှိတဲ့အတွက် စီးပွားရေးတွက်ချေကိုက်ပါတယ်” ဟု ၎င်းက ဆက်လက် ပြောပြသည်။
ရုံးပတီသီးနှံသည် ဟင်းလျာများတွင် တို့စရာအဖြစ် စားသုံးနိုင်သလို ၊ ကြော်ချက်၍လည်း စားသုံးနိုင်ကြောင်း ၊ ရုံးပတီသီးနှံတွင် Phenol ဓာတ်နှင့် Flavonoid ဓာတ်တို့ မြင့်မားစွာပါဝင်သည့်အတွက် ရုံးပတီသီးနှံအား စားသုံးပါက ကင်ဆာရောဂါကို တိုက်ဖျက်နိုင်စွမ်းရှိခြင်း ၊ စိတ်ဖိစီးမှုကို လျှော့ချနိုင်စေခြင်း ၊ ဆီးချိုရောဂါ ၊ ကျောက်ကပ်ရောဂါနှင့် အသည်းရောဂါများကို သက်သာပျောက်ကင်းစေနိုင်ကြောင်း သိရသည်။
ရဲဝင်းနိုင် ( ညောင်ဦး )