အင်းတော် ဒီဇင်ဘာ ၁၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ် အလယ်ဆိပ်ကျေးရွာ မဲဇာနည်းပညာပြန့်ပွားရေး စင်တာနယ်မြေအတွင်းရှိ တောင်သူ ဦးဝင်းမောင်၏ လယ်မြေ ( ၁ ) ဧကတွင် စပ်မျိုးနေကြာ ( SURYAKIRAN ) အား စမ်းသပ်စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကို ဒီဇင်ဘာလ ၁၀ ရက်နေ့က ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါကွင်းသရုပ်ပြပွဲသို့ ကသာခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးဖုန်းမောင်၊ အင်းတော်မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှူးဦးသိန်းခိုင်၊ ခရိုင် SMS များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ စိုက်ပညာရှင်ဝန်ထမ်းများနှင့် ဒေသခံတောင်သူ များ တက်ရောက်ခဲ့ကြပြီး စပ်မျိုးနေကြာစိုက်ပျိုးနည်းစနစ်များ၊ ဆီနေကြာနှင့် လှော်နေကြာ စိုက်ပျိုးထုတ်လုပ်မှု အခြေအနေများ အကြောင်းကို ရှင်းလင်းပြောကြားခဲ့၍ ဒေသခံတောင်သူများအား ဂျစ်ပဆန် မြေဩဇာများ ပေးအပ်ခဲ့ကြောင်းသိရသည်။ ထို့နောက်ဒေသခံတောင်သူမျာနှင့် စိုက်ပညာရှင်ဝန်ထမ်းများက စိုက်ပျိုး ဆောင်ရွက်မည့် စပ်မျိုးနေကြာ ( SURYAKIRAN ) မျိုးများအား စစ်ဆေးကြည့်ရှုခဲ့ပြီး အဆိုပါ လယ်ကွက်အတွင်း နေကြာမျိုးများအား ပက်ကြဲ စိုက်ပျိုးခဲ့ကြောင်းသိရသည်။
အင်းတော်မြို့နယ်အနေဖြင့် ၂၀၁၉ ခုနှစ်တွင် ဆောင်းသီးနှံများဖြစ်သည့် မြေပဲ၊ နှမ်း၊ နေကြာ သီးနှံများကို ဧက ငါးသောင်းကျော် စိုက်ပျိုးနိုင်ခဲ့ပါကြောင်း၊ ယခု ၂၀၂၀ ခုနှစ်တွင် ဆောင်းသီးနှံ သီးနှံစုံ ဧက ခြောက်သောင်းကျော် တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ လျာထားချက်ပြည့်မှီစွာ စိုက်ပျိုး နိုင်ရေးအတွက် ဆောင်ရွက်လျက် ရှိပါကြောင်း တောင်သူများ အနေဖြင့် အထွက်တိုး ဆောင်းသီးနှံ မျိုးစေ့များအား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် ဆက်သွယ် ဝယ်ယူနိုင်ပါကြောင်း အင်းတော်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသိန်းခိုင်က ပြောပြခဲ့သည်။