ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် လွိုင်ကော်မြို့ အခြေခံပညာကျောင်းများ၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံနေမှုများနှင့် ပန်းခင်းစီမံချက် ကွင်းဆင်းဆောင်ရွက်မှု ကြည့်ရှုအားပေး

လွိုင်ကော် မေ

၂၀၂၅-၂၀၂၆ ပညာသင်နှစ်၌ ကယားပြည်နယ်အတွင်း အခြေခံပညာကျောင်းများတွင် မေ ၂၂ ရက်နေ့မှ ဇွန် ၁ ရက်နေ့အထိ ကျောင်းအပ်လက်ခံခြင်း သီတင်းပတ်အစီအစဉ်အရ  ဒုတိယနေ့အဖြစ်ဆောင်ရွက်လျက်ရှိရာ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းတွင် လွိုင်ကော်မြို့နယ်ရှိ အခြေခံပညာကျောင်းများ၌ ကျောင်းအပ်နှံနေမှုများနှင့် ပန်းခင်းစီမံချက် ကွင်းဆင်းဆောင်ရွက် နေမှုများကို ကြည့်ရှုအားပေးခဲ့ကြသည်။

ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လွိုင်ကော်မြို့နယ်ရှိ အမှတ်(၇)နှင့် အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်း (ဒေါတမ)ကျောင်းများသို့သွားရောက်၍ မိဘအုပ်ထိန်းသူများက ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအပ်နှံနေမှုများကို ကြည့်ရှုအားပေးရာ ပြည်နယ်ပညာရေးမှူး၊  သက်ဆိုင်ရာကျောင်းအုပ်ကြီးများနှင့် ကျောင်းအကျိုးတော်ဆောင်များက လိုက်လံရှင်းလင်း တင်ပြကြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကျောင်းသား၊ ကျောင်းသူများအား ကျောင်းဝတ်စုံများနှင့် ကျောင်းသုံးပစ္စည်းများပေးအပ်ခဲ့ပြီး ကျောင်းလာရောက်အပ်နှံကြသော ကျောင်းသား မိဘအုပ်ထိန်းသူများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက် စကားပြောကြားခဲ့သည်။ ပြည်နယ်ဝန်ကြီးချုပ်က တက်ရောက်ပညာသင်ကြားမည့် ကျောင်းသား/ကျောင်းသူများအတွက် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များနှင့် စာရေးကိရိယာများ၊ ကျောင်းဝတ်စုံများ ပြည့်စုံလုံလောက်စွာရရှိရေး၊ ကျောင်းနေအရွယ် ကလေးများအားလုံး ကျောင်းတက်ရောက်နိုင်ရေး၊ ကျောင်းဥပဓိရုပ်ကောင်းမွန်ရေးနှင့် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးတို့ကို ဆောင်ရွက်သွားရန်မှာကြားပြီး တာဝန်ရှိသူများနှင့်‌ ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ချိကယ်ကျေးရွာရှိ ချိကယ်ကန္ဒရဝတီကျောင်းတိုက်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည့်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံး ဝန်ထမ်းများက ပန်းခင်းစီမံချက်အဆင့်(၃) လျာထားချက်နှင့် မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးရာ ပြည်နယ်ဦးစီးမှူးနှင့်တာဝန်ရှိသူများက ရှင်းလင်းတင်ပြခဲ့သည်။ ပြည်နယ်ဝန်ကြီးချုပ်က စီမံချက်၏သက်မှတ်ကာလတွင် လုပ်ငန်းများပြီးစီးရေးဆောင်ရွက်သွားရန်မှာကြားပြီး ပြည်သူများနှင့်ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးစကား ပြောကြားခဲ့ကြောင်း သိရှိရသည်။

ပြည်နယ်(ပြန်/ဆက်)