လွိုင်ကော် မေ ၂၅
ကယားပြည်နယ်အတွင်း ၂၀၂၅−၂၀၂၆ ပညာသင်နှစ်တွင် တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံကျောင်းများနှင့် အခြေခံပညာကျောင်းများဖွင့်လှစ်ရန် ပြင်ဆင်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်က ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ အစိုးရစက်မှုလက်မှုသိပ္ပံ (လွိုင်ကော်)၊ အားကစားနှင့်ကာယပညာသိပ္ပံ(လွိုင်ကော်)နှင့် အခြေခံပညာကျောင်းများဖွင့်လှစ်ရန် ပြင်ဆင်ပြီးစီးမှုအခြေအနေများနှင့် သန့်ရှင်းသာယာရေးလုပ်ငန်းများဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့သည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း ပရိဝုဏ်အတွင်း နယ်မြေခံတပ်ရင်းတပ်ဖွဲ့များ၊ ပြည်နယ်ရဲတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများစုပေါင်း၍ သန့်ရှင်းရေးဆောင်ရွက်ပေးနေမှုကို လှည့်လည်ကြည့်ရှုအားပေးသည်။ ထို့နောက် ကျောင်းဝင်းအတွင်း စာသင်ဆောင်များ၊ ကျောင်းသား/ကျောင်းသူများနှင့် ဝန်ထမ်းအိပ်ဆောင်များ၊ စားရိပ်သာများ ပြင်ဆင်ဆောင်ရွက်ပြီးစီးနေမှုကို ကြည့်ရှုစစ်ဆေးပြီး ကျောင်းဖွင့်ချိန်အမီစာသင်ဆောင်များ၊ ကျောင်းသူ/ကျောင်းသူများနှင့် ဝန်ထမ်းများအိပ်ဆောင်များ၊ စားရိပ်သာများ၊ လက်တွေ့အလုပ်ရုံ များ အသင့်ဖြစ်စေရေး ကျောင်းသုံးရုံးသုံးပရိဘောဂများနှင့် သင်ထောက်ကူပစ္စည်းများ ပြည့်စုံစွာထားရှိရေးနှင့် သောက်သုံးရေ၊ လျှပ်စစ်မီးများအဆင်ပြေစေရေး ဆောင်ရွက်သွားရန် တာဝန်ရှိသူများအားမှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။
ထို့နောက် အားကစားနှင့်ကာယပညာသိပ္ပံကျောင်းသို့ရောက်ရှိကာ ကျောင်းဝင်းအတွင်း သန့်ရှင်းသာယာလှပရေး ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးပြီး ကျောင်းဖွင့်လှစ်ရန်အတွက် ပြင်ဆင်ထားရှိသည့် သင်တန်းသား၊ သင်တန်းသူ အိပ်ဆောင်များ၊ စာသင်ခန်းများနှင့် အားကစားလေ့ကျင့်ရေးခန်းမများ၊ စားရိပ်သာများအား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ကျောင်းအုပ်ကြီးနှင့် တာဝန်ရှိသူများက ဆောင်ရွက်ထားရှိမှုများအား လိုက်လံရှင်းလင်းတင်ပြသည်။ ပြည်နယ်ဝန်ကြီးချုပ်က သတ်မှတ်အရည်အချင်းနှင့်ကိုက်ညီသည့် သင်တန်းသား/သင်တန်းသူများကို စနစ်တကျ စိစစ်ရွေးချယ်ရေး၊ ကျောင်းဖွင့်ကာလတွင် သင်တန်းသား၊ သင်တန်းသူများ၊ နည်းပြများ၊ အခြေခံပညာ ဆရာ၊ ဆရာများ ပြည့်စုံစွာဖြင့် လေ့ကျင့် သင်ကြားပေးနိုင်ရေး၊ သင်တန်းသား၊ သင်တန်းသူများအား အာဟာရပြည့်ဝပြီး ကျန်းမာရေးနှင့်ညီညွတ်သည့်အစားအသောက်များ နေ့စဉ်ချက်ပြုတ်ကျွေးမွေးရန် တာဝန်ရှိသူများအားမှာကြားပြီး သင်တန်းသား၊ သင်တန်းသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးစကား ပြောကြားခဲ့သည်။
ထို့နောက် မင်းစုရပ်ကွက်ရှိ အမှတ်(၁၉)အခြေခံပညာမူလတန်းကျောင်းသို့ ရောက်ရှိပြီး ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် ကျောင်းစာသင်ဆောင်များ၊ ဝန်ထမ်းနေအိမ်များ၊ လျှပ်စစ်မီးနှင့် ရေရရှိရေးလုပ်ငန်းများ ပြုပြင်ဆောင်ရွက်ပြီးစီးမှုအခြေအနေအား ကြည့်ရှုစစ်ဆေးရာ ပြည်နယ်ပညာရေးမှူးနှင့် တာဝန်ရှိသူများက လိုက်လံရှင်းလင်းတင်ပြကြသည်။ ပြည်နယ်ဝန်ကြီးချုပ်က ကျောင်းဖွင့်ကာလတွင် ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ကြားနိုင်ရေး၊ သင်ထောက်ကူပစ္စည်းများနှင့် ကျောင်းသုံးရုံးသုံးပရိဘောဂများ၊ ပြဋ္ဌာန်းစာအုပ်များ ပြည့်စုံစွာထားရှိပေးနိုင်ရေး စီမံဆောင်ရွက်ပေးရန် တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)