ပေါက်ခေါင်း မေ ၂၄
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် ပညာရေးဌာနမှ ကြီးမှူးကျင်းပပြုလုပ်သည့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးသီတင်းပတ် ဆိုင်းဘုတ်စိုက်ထူပွဲကို မေလ ၂၂ ရက်နေ့နံနက် ၉ နာရီချိန်က အမှတ်(၄)ရပ်ကွက်၊ အ.ထ.က (ပေါက်ခေါင်း)ကျောင်းရှေ့၌ စိုက်ထူခဲ့သည်။ ကျောင်းအပ်နှံရေးသီတင်းပတ် ဆိုင်းဘုတ်အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်နိုင်သူဦးနှင့် မြို့နယ်စီမံအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်ပညာရေးမှူးနှင့် ကျောင်းအုပ်ဆရာကြီး/ ဆရာမကြီးများတို့က ဆိုင်းဘုတ်အားစိုက်ထူကာ အမွှေးနံ့သာရည်များ ပက်ဖျန်း၍ ဖွင့်လှစ်ခဲ့ကြသည်။
ပေါက်ခေါင်းမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် မေလ(၂၂)ရက်နေ့မှ ဇွန်လ(၁)ရက်နေ့အထိဖြစ်ပြီး၊ အဆိုပါကျောင်းအပ်နှံရေးဆိုင်းဘုတ် စိုက်ထူရခြင်းမှာ “ကျောင်းနေအရွယ်ကလေးများအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့” ဆောင်ပုဒ်နှင့်အညီ ကျောင်းနေအရွယ်ကလေးများအားလုံး ကျောင်းအပ်နှံရေးနှင့်ပညာသင်ကြားနိုင်ရေးအတွက် ကျောင်းသား/သူများ၊ မိဘများ၊ ဆရာ/ဆရာမများ အားလုံးပူးပေါင်းပါဝင် ဆောင်ရွက်စေရန်ရည်ရွယ်၍ ကျောင်းအပ်နှံရေး သီတင်းပတ်ဆိုင်းဘုတ် စိုက်ထူရခြင်းဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
သန်းထွန်းအောင် (ပြန်/ဆက်)