ပြည် မေ ၂၄
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ ပင်မလုပ်ငန်းတာဝန်ဖြစ်သည့် ပြည်သူ့စာကြည့်တိုက်လုပ်ငန်း တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများအား လုပ်ငန်းစွမ်းဆောင်ရည်တိုးတက်မြင့်မားရေး၊ လုပ်ငန်းကျွမ်းကျင်မှုရှိရေးနှင့် စာငှား/စာဖတ်ပြည်သူများအတွက် ပိုမိုကောင်းမွန်သော ပြည်သူ့ဝန်ဆောင်မှုပေးစွမ်းနိုင်ရန်ရည်ရွယ်ချက်ဖြင့် မေလ ၂၂ ရက်နေ့နံနက်ပိုင်းက ပြည်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ အခြေခံစာကြည့်တိုက်ပညာသင်တန်းဖွင့်ပွဲ ကျင်းပသည်။
သင်တန်းဖွင့်ပွဲသို့ ပြည်ခရိုင်အတွင်း မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးများမှ ဦးစီးမှူးများ၊ စာကြည့်တိုက်လုပ်ငန်းတာဝန်ဆောင်ရွက်နေသော ဝန်ထမ်းများနှင့် ဝန်ထမ်းအသစ်များ စုစုပေါင်း သင်တန်းသား၊ သင်တန်းသူ ၁၂ ဦး တက်ရောက်ကြပြီး ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်ခရိုင်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်ရွှေဝါဖူးက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်နှင့် သင်တန်းစည်းမျဉ်းစည်းကမ်းများအကြောင်းကို ရှင်းလင်းပြောကြားသည်။
သင်တန်းတွင် ပြည်ခရိုင်ရုံးမှ ဦးစီးအရာရှိ ဦးအောင်ကိုသန့်နှင့် ဒုတိယဦးစီးမှူးဒေါ်နီလာခိုင်တို့က စာကြည့်တိုက်နှင့် စာအုပ်စာစောင်များ စနစ်တကျထိန်းသိမ်းနည်းပညာရပ်အပါအဝင် စာစုလုပ်ငန်း၊ စာပြုလုပ်ငန်း၊ မျိုးတူစုလုပ်ငန်း၊ စာငှား/စာဖတ်ဝန်ဆောင်မှုလုပ်ငန်း၊ ကတ်တလောက်ရေးသားနည်းလုပ်ငန်းနှင့် ဒီဂျစ်တယ်စာကြည့်တိုက်စီမံခန့်ခွဲမှုစနစ် (Digital Library Management System) စသည့် စာကြည့်တိုက်လုပ်ငန်းဆိုင်ရာပညာရပ်များကို မေလ ၂၂ ရက်မှ ၂၃ ရက်အထိ သင်ကြားပို့ချမှာဖြစ်ကြောင်း သိရသည်။
ကိုဆက် (ပြန်/ဆက်)