မော်လမြိုင်ကျွန်း မေ ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ မြို့နယ်လူမှုဖူလုံရေးရုံးခွဲ၌ အကျုံးဝင်မှတ်ပုံတင်ထားသော လူမှုဖူလုံရေးအကျိုးခံစားခွင့် ပေးအပ်ပွဲကို ယနေ့နံနက် (၁၀)နာရီ အချိန်က မြို့နယ်လူမှုဖူလုံရေးရုံးခွဲ၌ ကျင်းပဆောင်ရွက်ခဲ့သည်။
အဆိုပါအခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီး လူမှုဖူလုံရေးအဖွဲ့ တိုင်းဒေသကြီးတာဝန်ခံအရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးရဲဇော်ဝင်းက ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေပါ သိကောင်းစရာများ ရှင်းလင်းပြောကြားခဲ့ပြီး ရွှေပြည့်စုံဆန်စက်မှ အာမခံအလုပ်သမား ဦးကျော်အေး၏ လုပ်ငန်းခွင်အတွင်း ထိခိုက်သေဆုံးခြင်းကြောင့် လူမှုဖူလုံရေးအဖွဲ့မှ နာရေးစရိတ်အတွက် (၇၂၀,၀၀၀/-)ကျပ်နှင့် ယာယီမသန်စွမ်းမှုအတွက် ငွေကျပ်(၄၀,၃၂၀/-)ကို ဖေဖော်ဝါရီလ (၁၈)ရက်နေ့တွင် ပေးအပ်ခဲ့ပြီး ယခုအခမ်းအနားတွင် ကျန်ရစ်သူ အကျိုးခံစားခွင့် ခွင့်ပြုငွေ (၈,၆၄၀,၀၀၀/-)ကျပ်တိတိအား တိုင်းတာဝန်ခံအရာရှိက သေဆုံးသူ၏ ဇနီးဖြစ်သူထံသို့ ပေးအပ်ခဲ့ပြီး နားရေးစရိတ်၊ ယာယီမသန်စွမ်းမှုနှင့် ကျန်ရစ်သူအကျိုးခံစားခွင့် စုစုပေါင်း (၉,၄၀၀,၃၂၀ /-)ကျပ် ဖြစ်ကြောင်းသိရသည်။
အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီး တိုင်းဒေသကြီးတာဝန်ခံအရာရှိ ဦးရဲဇော်ဝင်း၊ မြို့နယ်လူမှုဖူလုံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခိုင်ဇာမွန်နှင့် ဝန်ထမ်းများ၊ အကျုံးဝင်မှတ်ပုံတင်ထားသော အလုပ်ဌာနများမှ တာဝန်ရှိသူများနှင့် ကျန်ရစ်သူမိသားစုဝင်များ တက်ရောက်ခဲ့ကြပြီး မြို့နယ်လူမှုဖူလုံရေးရုံး၌ အကျုံးဝင်မှတ်ပုံတင်ထားသည့် အလုပ်ဌာန (၁၂၂)ဌာနရှိပြီး အာမခံအလုပ်သမား (၇၁၃)ဦးရှိကြောင်း တာဝန်ရှိသူထံမှ သိရသည်။
ရဲကိုမောင်(ပြန်/ဆက်)