ကန့်ဘလူမြို့၌ ကွန်ပျူတာအ​ခြေခံသင်တန်း အမှတ်စဉ်(၃/၂၀၂၅) ဆင်းပွဲကျင်းပ

ကန့်ဘလူ မေ ၂၄

လူငယ်လူရွယ်များနှင့်ဒေသခံပြည်သူများ လူစွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်လာစေရန်၊ ကွန်ပျူတာပညာရပ်များကို စနစ်တကျလေ့လာကျွမ်းကျင်တတ်မြောက်စေရန်နှင့် အလုပ်အ ကိုင်အခွင့်အလမ်းများရရှိစေရန်ရည်ရွယ်၍ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့် ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကြီးမှူးဖွင့်လှစ်ခဲ့သည့် ကွန်ပျူတာအခြေခံသင်တန်းအမှတ်စဉ် (၃/၂၀၂၅)ဆင်းပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီက လူထုအခြေပြုဗဟိုဌာန၌ ကျင်းပခဲ့ကြောင်း သိရသည်။

ကွန်ပျူတာအခြေခံသင်တန်းဆင်းပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမြင့်က သင်တန်းသားများအနေဖြင့် သင်တန်းမှသင်ကြားပေးခဲ့သော အခြေခံနည်းပညာများကို ပိုမိုတိုးတက်​ကောင်းမွန်အောင် ဆက်လက်သင်ယူဖို့လိုအပ်ကြောင်း၊ ဒေသတွင်းအလုပ်အကိုင်အခွင့်အလမ်းများရရှိစေရေး၊ လုပ်ငန်းခွင်ဝင်ရောက်ရန်ပြင်ဆင်နေကြသော လူငယ်လူရွယ်များအတွက် ယခုသင်တန်းကို ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ တာဝန်ရှိသူများက သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်ကို တစ်ဦးချင်းပေးအပ်ခဲ့ကြောင်းနှင့် အဆိုပါသင်တန်းသို့ သင်တန်းသား၊ သင်တန်းသူ ၁၀ ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလ တစ်လတာတွင် Microsoft Word၊ Excel ၊ Power Point စသည့်ဘာသာရပ်များကို စာတွေ့/လက်တွေ့ သင်ကြားပေးခဲ့ကြောင်းနှင့် အဆိုပါသင်တန်းများကို ၂၀၂၃ ခုနှစ်မှစတင်၍ တစ်လတစ်ကြိမ် ၁၀ ဦးဖြင့် သုံးကြိမ်၊ ၂၀၂၄ ခုနှစ်တွင် ခုနှစ်ကြိမ်၊ ယခုနှစ်တွင် ယနေ့ထိ သုံးကြိမ်ထိ အောင်မြင်စွာ ဖွင့်လှစ်ခဲ့ပြီးဖြစ်ကြောင်း  သိရသည်။

အောင်ဝင်းငြိမ်း(ပြန်/ဆက်)