ပွင့်ဖြူ မေ ၂၄
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်သံဃနာယကအဖွဲ့မှ ကြီးမှူးကျင်းပသည့် သံဃနာယက အဖွဲ့အစည်း သုံးလပတ် စုံညီအစည်းအဝေးကို ယမန်နေ့နံနက် ၈ နာရီက မြို့နယ်သံဃနာယက အဖွဲ့ရုံး တည်ရာ အောင်သိဒ္ဓိကျောင်းတိုက်ရှိ မြစောညီနောင်ဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကြွရောက်တော်မူကြသည့် ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များနှင့် ဧည့်ပရိသတ်များက နမောတဿ(၃)ကြိမ် ရွတ်ဆို၍ အခမ်းအနားကိုဖွင့်လှစ်ပြီး မကွေးတိုင်းဒေသကြီးသံဃနာယကအဖွဲ့ ဩဝါဒါစရိယ ဘုရားကြီးကျောင်းတိုက်ဆရာတော်ဘဒ္ဒန္တဝီရိယနှင့် နိုင်ငံတော်သံဃမဟာနာယက ဗဟိုသံဃဝန်ဆောင် ပွင့်ဖြူမြို့နယ်ကျောင်းကုန်းကြီးကျေးရွာ မြောင်းဘောင်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ နိမလ အရှင်သူမြတ်တို့က ဩဝါဒကထာများ ချီးမြှင့်မြွက်ကြားတော်မူခဲ့ကြသည်။
ဆက်လက်၍ ပွင့်ဖြူမြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ပွင့်ဖြူမြို့ အောင်သိဒ္ဓိကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တသုစိတ္တသာရ (သဒ္ဓမ္မဇောတိကဓဇ)က သံဃနာယကအဖွဲ့အဆင့်ဆင့် ထက်/အောက် သုံးလပတ် စုံညီအစည်းအဝေး ကျင်းပပြုလုပ်ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းမြွက်ကြားသည်။
ထို့နောက် အစည်းအဝေးသို့ ကြွရောက်တော်မူလာကြသည့် ဆရာတော်၊ သံဃာတော်အရှင်သူမြတ် များက မြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာအုပ်စု သံဃနာယကအဖွဲ့ သံစည်းလုပ်ထုံးလုပ်နည်းများနှင့် အညီ အစားထိုး/အသစ် ပြန်လည်ရွေးချယ်တင်မြောက်ရေးကိစ္စရပ်များ၊ မြို့နယ်ဝန်ဆောင်၊ မြို့နယ်ဝိနည်းဓိုရ် ဆရာတော်များ ဒေသစိတ်အလိုက် လစ်လပ်မှုရှိပါက သံစည်းလုပ်ထုံးလုပ်နည်း များနှင့်အညီ ပြန်လည်ရွေးချယ်တင်မြောက်ရေးကိစ္စရပ်များ၊ ဝါတော်(၃)ဝါ ရရှိပြီးသော ရဟန်းတော်များ သာသနာဝင်မှတ်တမ်း ပြုလုပ်နိုင်ရေးကိစ္စရပ်များနှင့် ဝါဆိုသံဃာစာရင်းများကို ဒေသစိတ်/အုပ်စုအလိုက် ပင်မအဖွဲ့နှင့် အထောက်အကူပြုအဖွဲ့ငယ်ဖွဲ့စည်း၍ စာရင်းကောက်ယူနိုင်ရန်ကိစ္စရပ်များကို ဝိုင်းဝန်းဆွေးနွေးကြပြီး ဆရာတော်ကြီးများနှင့် မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌဆရာတော်တို့က သံဃာတော် အရှင်သူမြတ်များ၏ ဆွေးနွေးတင်ပြချက်များပေါ် လိုအပ်ချက်များကို ဖြည့်စွက်ရှင်းလင်း မြွက်ကြားကာအခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆို၍ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
အဆိုပါ သံဃနာယကအဖွဲ့အစည်း သုံးလပတ်စုံညီအစည်းအဝေးသို့ မြို့နယ်အတွင်းရှိ စာသင်တိုက်ကျောင်းများနှင့် ဘုန်းတော်ကြီးကျောင်းတိုက်များမှ ဆရာတော်၊ သံဃာတော်အရှင်သူမြတ် (၅၁)ပါး တက်ရောက်ပါဝင်ဆွေးနွေးခဲ့ကြောင်း သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)