မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်တွင် SRI စနစ်ဖြင့် စိုက်ပျိုးသည့် ဧရာမင်းမိုးစပါး မျိုးသန့် မျိုးစေ့ (CS) ထုတ် စံပြကွက်စိုက်ခင်း စံကွက်ရိတ်သိမ်း


ပွင့်ဖြူ  ဒီဇင်ဘာ ၁၁


မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ တောင်သူများ စပါးသီးနှံ အထွက်နှုန်း တိုးတက်ကောင်းမွန်စေရန်နှင့် တောင်သူသီးနှံဝင်ငွေ ပိုမိုရရှိစေရန် ရည်ရွယ်၍ စိုက်ပျိုးထား ရှိသော ပွင့်ဖြူမြို့နယ် ကံသာကြီး ကျေးရွာ တောင်သူ ဦးမျိုးညွန့်ဦး ၏ မိုးစပါးစိုက်လယ်မြေတွင် SRI စနစ်ဖြင့် စိုက်ပျိုးသည့် ဧရာမင်းမိုးစပါး မျိုးသန့်မျိုးစေ့(CS) ထုတ် စံပြကွက်စိုက်ခင်း စံကွက်ရိတ်သိမ်းခြင်းကို ယနေ့ နံနက်ပိုင်းက အဆိုပါ စံပြကွက်စိုက်ခင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ စံပြကွက်စိုက်ခင်းအား စံကွက်ရိတ်သိမ်းရာတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးလှိုင်မြင့် ၏ ကြီးကြပ်မှုဖြင့် ဝန်ထမ်းများအဖွဲ့က မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ဝန်ထမ်းများ ၊ ဒေသခံ တောင်သူများနှင့် အတူ ကံသာကြီးကျေးရွာ တောင်သူ ဦးမျိုးညွန့်ဦး ၏ ကွင်းအမှတ် ၉၁၀ ၊ ဦးပိုင်အမှတ် ၂၁/၂ မိုးစပါးစိုက် လယ်မြေတွင် SRI စနစ်ဖြင့် စိုက်ပျိုးသည့် ဧရာမင်းမိုးစပါး မျိုးသန့်မျိုးစေ့(CS) ထုတ် စံပြကွက်စိုက်ခင်း ၃ ဒသမ ၂၅ ဧက အား စံကွက်ရိတ်သိမ်းခဲ့ရာ တစ်ဧက အထွက်နှုန်း စပါး(အစို) ၁၁၇ တင်းနှင့် စပါး(အခြောက်) ၁၀၅ တင်း ထွက်ရှိခဲ့ကြောင်း သိရ သည်။
ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်း လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဒေသခံတောင်သူများ အထွက်နှုန်းကောင်းသော စပါးမျိုးကောင်းမျိုးသန့်များ ရွေးချယ်စိုက်ပျိုးနိုင်ရေးအတွက် မျိုးသန့်မျိုးစေ့ထုတ်စံပြကွက်စိုက်ခင်းများ စိုက်ပျိုးရာတွင် လိုက်နာရမည့်စိုက်ပျိုးရေးနည်းပညာနှင့် ပိုးမွှား ရောဂါ ကာကွယ်နည်းစနစ်များ ၊ မျိုးကောင်းမျိုးသန့် စနစ်တကျ ထိန်းသိမ်းထားသိုနည်း စနစ်များ ၊ မျိုးကွဲပယ် ခြင်းနှင့် မျိုးသန့်စင်ခြင်းလုပ်ငန်းများ ၊ သီးနှံအထွက်နှုန်း လျော့နည်းမှုမရှိစေရေး အချိန်မီ ရိတ်သိမ်း ခြွေလှေ့ခြင်းလုပ်ငန်းများကို မြို့နယ်ဦးစီးအရာရှိ ဦးလှိုင်မြင့်၏ ဦးဆောင်မှုဖြင့် ဒုတိယဦးစီးမှူးနှင့် ဝန်ထမ်း များအဖွဲ့က တောင်သူအသိပညာပေးလုပ်ငန်းအား အရှိန်အဟုန်မပျက် ကြိုးပမ်းဆောင်ရွက် လျက်ရှိ ကြောင်း သိရသည်။  
ရဲဝင်းနိုင် ( ညောင်ဦး )