ဟုမ္မလင်း မေ ၂၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့နယ်တွင် လေပြင်းတိုက်ခတ်၍ ပျက်စီးဆုံးရှုံးမှုများအတွက် ကျောင်းဆောက်ပစ္စည်း၊ အိမ်ဆောက်ပစ္စည်းနှင့် တစ်ပတ်စာ ဆန်ရိက္ခာဖိုးများ ပေးအပ်ခြင်းကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် သွားရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။
ဟုမ္မလင်းမြို့တွင် မေ ၁၁ ရက်နေ့ နေ့လယ် (၁၂) နာရီခွဲအချိန်ခန့်က လေပြင်းတိုက်ခတ်၍ မြို့ပေါ်ရပ်ကွက်အတွင်းရှိ တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သော ခရစ်ယာန်ဘုရားရှိခိုးကျောင်း (၁) ကျောင်းအတွက် ကျောင်းဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၅၀၀၀၀) ကျပ်၊ တစ်စိတ်တစ်ပိုင်းပျက်စီး လူနေအိမ် (၁၀) လုံးစာအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေကျပ် (၄၈၀၀၀၀) ကျပ်နှင့် ဘေးသင့်လူဦးရေ (၅၆) ဦးစာအတွက် တစ်ပတ်စာ ဆန်ဖိုး (၂၈၀၀၀၀) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ ကျပ် (၈၁၀၀၀၀) ကျပ်အား ဘေးသင့်ပြည်သူများလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ခဲ့သည်။
အဆိုပါလေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် ခရစ်ယာန်ဘုရားရှိခိုးကျောင်းနှင့် တစ်စိတ်တစ်ပိုင်းပျက်စီး လူနေအိမ်များ၊ ဘေးသင့်ပြည်သူများအား ဟုမ္မလင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ (အဖွဲ့ဝင်-၂) ဦးထွန်းကြည်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးအောင်ရဲထွန်း၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးမှူး ဦးထွန်းထွန်းနိုင်၊ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်/ကျေးစာရေးများက ဟုမ္မလင်းရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌လည်းကောင်း၊ ဘေးသင့်ပြည်သူများ၏နေအိမ်များသို့လည်းကောင်း၊ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် သွားရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။
ဟုမ္မလင်း(ပြန်/ဆက်)