ပုသိမ် မေ ၂၄
တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းအဆင့်ဌာနဆိုင်ရာများ၊ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့်အတူ မေလ (၂၂)ရက်နေ့ နေ့လည်ပိုင်းက ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင် ကျင်းပပြုလုပ်သော ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂/၂၀၂၅)သို့ တက်ရောက်ခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က “နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး၊ အစည်းအဝေးခန်းမတွင် မေလ (၁၉)ရက်နေ့နှင့် (၂၀)ရက်နေ့တို့၌ ကျင်းပပြုလုပ်သော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှာကြားချက်များအား ထပ်ဆင့်ရှင်းလင်းခဲ့ပြီး လမ်းညွှန်မှာကြားချက်များကို အလေးအနက်ထား လိုက်နာဆောင်ရွက်ကြရန်၊ စာရင်းဇယား ကိန်းဂဏန်းအချက်အလက်များ တိကျမှန်ကန်မှုရှိစေရန်၊ ရည်မှန်းချက်ပေးထားသည့် လုပ်ငန်းများ၏ လုပ်ငန်းဆောင်ရွက်မှု၊ တိုးတက်မှုအခြေအနေများအား မှတ်တမ်းမှတ်ရာများဖြင့် စနစ်တကျထိန်းသိမ်းထားရှိရန်၊ မိမိတို့၏လုပ်ငန်းတာဝန်များနှင့်ပတ်သက်၍ တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ဖြင့် လုပ်ဆောင်ရန်၊ သက်ဆိုင်ရာဌာနများအလိုက် ပေးအပ်ထားသည့် လုပ်ငန်းတာဝန်များ၊ လုပ်ငန်းရည်မှန်းချက်များကို အောင်မြင်အောင်အကောင်အထည်ဖော် ဆောင်ရွက်ရန်၊ စိုက်ပျိုးမွေးမြူရေးကိုအခြေခံ၍ ပို့ကုန်နှစ်ဆတိုးတက်တင်ပို့နိုင်ရေးနှင့် တန်ဖိုးမြင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေးဆောင်ရွက်ရန်၊ သီးနှံစုံ ပန်းတိုင်အထွက်နှုန်း ရရှိစေရေး၊ စားသုံးဆီဖူလုံမှုရှိစေရေး ဆီထွက်သီးနှံ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲပုတ်၊ သီးနှံများ ပိုမိုတိုးတက်စိုက်ပျိုးနိုင်ရေးနှင့် ဧရာဝတီပေါ်ဆန်း အရည်အသွေးကောင်းမွန်ပြီး ဈေးကွက်ရရှိရေး ခရိုင်/မြို့နယ် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးအဖွဲ့များ၊ တောင်သူများ ပူးပေါင်းဆောင်ရွက်ရန်၊ MSME လုပ်ငန်းများတိုးတက်စေရေး ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များ ပူးပေါင်းဆောင်ရွက်ရန်၊ မြို့၊ ရွာများ သန့်ရှင်းသာယာလှပစေရေးနှင့် Green Zone / Clean Zone များ စနစ်တကျဖော်ဆောင်၍ စိမ်းလန်းစိုပြေစေရေးဆောင်ရွက်ရန်၊ ယာယီနေရပ်စွန့်ခွာပြည်သူများမှ ကျောင်းနေအရွယ်ကလေးများအားလုံး ကျောင်းအပ်နှံတက်ရောက်နိုင်စေရေး အုပ်ချုပ်ရေး၊ ပညာရေးအဖွဲ့များမှ ပူးပေါင်းဆောင်ရွက်ရန်နှင့် ဌာနဆိုင်ရာများ၊ အုပ်ချုပ်ရေးအဖွဲ့များအနေဖြင့် မိမိတို့အားပေးအပ်ထားသည့် လုပ်ငန်းတာဝန်များ၊ ရည်မှန်းချက်များအား လုပ်ထုံးလုပ်နည်းများနှင့်အညီ အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ရန် မှာကြားခဲ့သည်။
ထို့နောက် ခရိုင်အုပ်ချုပ်ရေးမှူး၏ တင်ပြချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချူပ်မှ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။
၂၀၂၅ ခုနှစ်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် တိုင်းဒေသကြီးလှေလှော်အသင်းနှင့် ဘော်လီဘောအသင်းတို့အား အောင်နိုင်ရေးအလံပေးအပ်ပွဲ အခမ်းအနားကို ယနေ့နေ့လည်ပိုင်းတွင် ပုသိမ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ (၁) တွင်ပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အသင်းအုပ်ချုပ်သူနှင့် နည်းပြများ၊ အားကစားသမားများ တက်ရောက်ခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးကိုယ်စားပြု အမျိုးသား၊ အမျိုးသမီး ဘော်လီဘောအသင်းအုပ်ချုပ်သူ၊ နည်းပြနှင့် အားကစားသမားများကိုလည်းကောင်း တိုင်းဒေသကြီးကိုယ်စားပြု အမျိုးသား၊ အမျိုးသမီး လှေလှော်အသင်းအုပ်ချုပ်သူ၊ နည်းပြနှင့် အားကစားသမားများကိုလည်းကောင်း တစ်ဦးချင်း မိတ်ဆက်တင်ပြခဲ့ပြီး အသင်းအုပ်ချုပ်သူများက မိမိတို့အသင်းများနှင့်ပတ်သက်၍ စခန်းသွင်းလေ့ကျင့်ခဲ့မှုများ၊ ပြိုင်ပွဲများမှရွေးချယ်၍ အကောင်းဆုံးပြင်ဆင်မှုများနှင့် အောင်ပွဲများရယူမည်ဖြစ်ကြောင်း တင်ပြခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက “မိမိတို့တိုင်းဒေသကြီးသည် မြစ်ဝကျွန်းပေါ်ဒေသဖြစ်သောကြောင့် လှေလှော်ပြိုင်ပွဲများတွင် ဆုတံဆိပ်များရရှိခဲ့ကြောင်း၊ လှေလှော်ပြိုင်ပွဲသည် မိမိတို့တိုင်းဒေသကြီး၏ အားထားရသော အားကစားနည်းဖြစ်ပြီး ပြိုင်ပွဲတွင် အောင်မြင်မှုများရရှိစေရေး အစောဆုံးလေ့ကျင့်ပြင်ဆင်ခဲ့ကြောင်း၊ ဘော်လီဘောအသင်းအနေဖြင့် တစ်ဦးနှင့်တစ်ဦး နားလည်မှု၊ စည်းလုံးညီညွတ်မှုတို့နှင့် အသင်းအဖွဲ့စိတ်ဓာတ်ဖြင့် ယှဉ်ပြိုင်ကြရန်လိုပါကြောင်း၊ အားကစားပြိုင်ပွဲများသည် တစ်ဦးတစ်ယောက်ချင်း ကောင်းမွန်၍မရဘဲ အသင်းလိုက် စည်းလုံးညီညာစွာဖြင့် တက်ညီလက်ညီ စုပေါင်းယှဉ်ပြိုင်ကြရမှာဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်း ယှဉ်ပြိုင်ခဲ့သောပြိုင်ပွဲများမှ အားနည်းချက်များကို ပြင်ဆင်၍ စနစ်တကျ ပြင်ဆင်လေ့ကျင့်ကာ အောင်ပွဲများရယူရန်လိုပါကြောင်း၊ အားကစားသမားများအနေဖြင့် လေ့ကျင့်သားပြည့်ဝအောင် လေ့ကျင့်ပြီး ကြိုးစားအားထုတ်မှု၊ ယုံကြည်ချက်၊ ခံယူချက်များဖြင့် ဇွဲ၊ လုံ့လ၊ ဝီရိယများ စိုက်ထုတ်ကာယှဉ်ပြိုင်ပါက အောင်မြင်မည်ဟုယုံကြည်ပါကြောင်း၊ အားကစားအသင်းများအနေဖြင့် အောင်ပွဲများရယူပြန်လာမည်ကို စောင့်ကြိုလျက်ရှိပါကြောင်းနှင့် လိုအပ်မှုများရှိပါက အုပ်ချုပ်သူ၊ နည်းပြများမှ တစ်ဆင့်တင်ပြကြရန်နှင့် လိုအပ်သည်များကိုလည်း ဖြည့်ဆည်းဆောင်ရွက် ပေးသွားမှာ ဖြစ်ကြောင်း” အားပေးစကားများပြောကြားကာ တိုင်းဒေသကြီးကိုယ်စားပြု လှေလှော်အသင်းနှင့် ဘော်လီဘောအသင်းတို့အား အောင်နိုင်ရေးအလံနှင့် ချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ကျော်ဟိန်း(ပြန်/ဆက်)