သဲကုန်းမြို့နယ်တွင် မြို့နယ်အခြေစိုက်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား RDT Test Kid ဖြင့် ကိုဗစ်ရောဂါပိုး ရှိ/မရှိ စစ်ဆေးမည်

သဲကုန်း  ဒီဇင်ဘာ  ၁၁

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန လမ်းညွန်ချက်အရ သဲကုန်းမြို့နယ် အခြေစိုက်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များ အားလုံးကို RDT Test Kid ဖြင့် တစ်ပတ်လျှင်နှစ်ကြိမ် ကိုဗစ်ရောဂါပိုး ရှိ/မရှိအား အပတ်စဉ် တနင်္လာနေ့နှင့် သောကြာနေ့ နေ့လယ် ၂ နာရီအချိန်တွင် သဲကုန်းမြို့နယ်ဆေးရုံတွင် စစ်ဆေးဆောင်ရွက်သွားမည် ဖြစ်သည်။

စစ်ဆေးမည့်သူများအနေဖြင့် ပူးတွဲတင်ပြရမည့် အချက်များမှာ မော်တော်ယာဉ်လိုင်စင် အထောက်အထားများ၊ ယာဉ်မောင်းလိုင်စင် (သို့) ယာဉ်နောက်လိုက်လိုင်စင်၊ မှတ်ပုံတင်မိတ္တူ၊ မောင်တော်ယာဉ်အသင်း၏ ထောက်ခံချက်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ထောက်ခံစာ၊ ပတ်စပို့အရွယ် ဓာတ်ပုံတစ်ပုံနှင့် ကုန်ကျစရိတ် တစ်သောင်းကျပ်တိတိ ယူဆောင်လာရမည် ဖြစ်သည်။

စစ်ဆေးမည့်သူများသည် တစ်ရက်ကြိုတင် တင်ပြရမည်ဖြစ်ပြီး အပတ်စဉ်တနင်္ဂနွေနေ့နှင့် ကြာသပတေးနေ့များတွင်သာ စာရင်းလက်ခံပေးမည်ဖြစ်ကာ ကြိုတင်စာရင်းပေးသူကိုသာ စစ်ဆေး ဆောင်ရွက်ပေးမည် ဖြစ်သည်။

ကိုဗစ်ရောဂါပိုး ရှိ/မရှိစစ်ဆေးခြင်းကို ဒီဇင်ဘာ ၁၄ ရက်၊ တနင်္လာနေ့တွင် စတင်ဆောင်ရွက်မည်ဖြစ်ပြီး     အသးစိတ် အချက်အလက်များ သိလိုပါက မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှူးရုံး၌ ရုံးချိန်အတွင်း စုံစမ်းမေးမြန်းနိုင်ကြောင်း ကျန်းမာရေး ဦးစီးဌာနမှ သိရှိရသည်။

နိုင်လင်း(သဲကုန်းပြန်/ဆက်)