လိပ်သို ဇန်နဝါရီ ၁၁
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့ သောက်ရေခပ်ကျေးရွာ အခြေခံပညာအထက်တန်း ကျောင်းတွင် (၂၀၁၉-၂၀၂၀) ပညာသင်နှစ် ပညာရေးစုံညီပွဲတော်အခမ်းအနားကို ယမန်နေ့ နံနက်(၁၀)နာရီက အဆိုပါကျောင်းခန်းမ၌ ကျင်းပပြုလုပ်ရာ တက္ကသိုလ်ဝင်တန်း ကျောင်းသား/ သူများက မြန်မာ့ကျောင်း သီချင်းသီဆို၍ ဖွင့်လှစ်သည်။
ထို့နောက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစောဂျေအေဝင်းမြင့်က ပညာသင်ကြားနေကြသော ကလေးများ၏ ယခုထက်ပညာရေးတိုးတက်ကောင်းမွန်ရေးသည် ကျောင်းကော်မတီ၊ မိဘ၊ဆရာနှင့် ကျောင်းသား/သူများ ပူးပေါင်းပါဝင် ညှိနှိုင်းဆောင်ရွက်မှသာ ထူးချွန်ထက်မြတ်သည့် လူကြီးများဖြစ်လာပြီး ကိုယ့်ရပ်ရွာဒေသအတွက် အကျိုးပြုနိုင်မည့် သားကောင်း သမီးကောင်း ရတနာများ ဖြစ်လာ ကြမည်ဖြစ်ကြောင်း အဖွင့်အမှာစကား ပြောကြားပေးပြီး လိပ်သိုမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ရီရီလွင်က ကျောင်းသား/သူ လေးများအား လူတစ်ဦး အောင်မြင် တိုးတက်ချင်ရင် အောင်မြင်ရေးတရားလေးပါးရှိခြင်းကို သိရှိရန်နှင့် ထိုတရား လေးပါးကို စွဲမြဲမှတ်သားပြီး လိုက်နာကျင့်သုံး၍ ကိုယ့်ဒေသအတွက် အကျိုးပြုနိုင်သူများဖြစ်အောင် ကြိုးစားကြရန် အမှာစကား ပြောကြားခဲ့သည်။
ဆက်လက်ပြီး ကာယ၊ ဉာဏ ထူးချွန်သော ကျောင်းသား/သူများကို တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ပေးခြင်း၊ ကျောင်းသား/သူလေးများက အကများဖြင့် ကပြဖျော်ဖြေပေးပြီး နဝမတန်းနှင့် ဒသမတန်းမှ ကျောင်းသား/သူလေးများက ဇာတိမာန်သီချင်းဖြင့် အပိတ်သီချင်းသီဆို ပေးခဲ့ပြီးနောက် ဆရာမ ဒေါ်မူလာဖောမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
ရီရီလွင်(ပြန်/ဆက်)