ထီးတပလူးထကျေးရွာတွင်နယ်လှည့် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့်ဓာတ်ပုံပြပွဲကွင်းဆင်း‌ ဆောင်ရွက်

ရှမ်းရွာသစ်     ဇန်နဝါရီ ၁၁

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့အတွင်းရှိ ကျောင်းသား/သူများကလေးအလုပ်သမား လျော့နည်းပပျောက်ရေး အသိပညာများသိရှိစေရန်၊ ကလေးသူငယ်အခွင့်အရေးများ အကြောင်းအသိပညာ ဗဟုသုတ ရရှိစေရန်နှင့် ပြင်ပဗဟုသုတများ တိုးပွားလာစေရန်ရည်ရွယ်၍ ထီးတပလူးထကျေးရွာ အ.မ.ကကျောင်းတွင် နံရံကပ်စာစောင်နှင့်ဓာတ်ပုံပြပွဲနှင့် အတူအသိပညာပေးဟောပြောပွဲကို ယမန်နေ့က ဆောင်ရွက်ခဲ့သည်။

အဆိုပါဟောပြောပွဲတွင် ရှမ်းရွာသစ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်အေးအေးနွဲ့ က ကလေးအလုပ်သမား ပပျောက်ရေး၊ ကလေးသူငယ် အခွင့်အရေးများအကြောင်း၊ နိုင်ငံတော်အစိုးရမှ ထုတ်ပြန်ထားသော ကလေးသူငယ်ကာကွယ်ရေးဥပဒေများ၊ လူကုန်ကူးမှုအန္တရာယ်၊ ကြိုတင်ကာကွယ်ရန်နည်းလမ်းများ၊ သတိပြုရှောင်ရှားရန်များ၊ ပြစ်မှုနှင့်ပြစ်ဒဏ်များ၊ စာဖတ်ခြင်း ၏ အကျိုးကျေးဇူးနှင့် မူးယစ်ဆေးဝါး အန္တရာယ်အကြောင်းကို ကျောင်းသား/သူ (၄၉)ဦးတို့အား အသိပညာပေး ဟောပြောခဲ့သည်။

ထို့နောက် ဟောပြောပွဲအပြီးတွင် Unicef မှ လှူဒါန်းထားသော တိုင်းရင်းသားပုံပြင်စာအုပ်ဖြင့် ကျောင်းသား/ သူများတို့အား  စာဖတ်စွမ်းရည်ပြိုင်ပွဲများ ပြုလုပ်ခဲ့ပြီးဆုရရှိသူများကို ဆုများချီးမြှင့်ခဲ့သည်။ ထို့နောက် ပြန်/ဆက်ဌာနမှ ပြသထားသော နိုင်ငံတော်အစိုးရ၏ တိုင်းကျိုးပြည်ပြု ဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများနှင့် ကလေးသူငယ်အခွင့်အရေး အသိပညာပေး ဗီနိုင်းများ၊ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးနှင့် လူကုန်ကူးမှုအသိပညာပေး ဗီနိုင်းတို့ကိုလည်း ပြသခဲ့ရာ  ကျောင်းသား/သူများနှင့် ဆရာ/များတို့က စိတ်ဝင်စားစွာကြည့်ရှု လေ့လာခဲ့ကြောင်းသိရသည်။

ဇင်လေး (ပြန်/ဆက်)