ထားဝယ် မေ ၂၂
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းဝင်းအတွင်းရှိ ၂၀၂၅- ၂၀၂၆ ပညာသင်နှစ်၊ (၁၄၀ပေ×၃၀ပေ) RCC သုံးထပ်ကျောင်းဆောင်သစ် လွှဲပြောင်းပေးအပ်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီ က အဆိုပါကျောင်း၌ ဘင်ခရာအဖွဲ့နှင့်ပန်းပွားအကများဖြင့် ကျင်းပသည်။
ရှေးဦးစွာတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းမင်းလတ်၊ တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီး ဦးသက်နိုင်၊ တိုင်းဒေသကြီးပညာရေးညွှန်ကြားရေးမှူး ဦးဝင်းနောင်တို့က ကျောင်းဆောင်သစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံ ရိုက်ကူးကြသည်။
အခမ်းအနားတွင်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက ထားဝယ်မြို့၊ အ.ထ.က(၁)ကို ၁၉၁၅ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ယနေ့တိုင်ကျောင်းအုပ်အစဉ်အဆက် (၂၇) ဦးရှိပြီဖြစ်ကြောင်း၊ ကျောင်းသက်တမ်းအားဖြင့် နှစ်ပေါင်း (၁၀၀)ကျော် ရှိခဲ့ပြီဖြစ်ကြောင်း၊ ထားဝယ်မြို့၏ ဂုဏ်ဆောင်ကျောင်းတစ်ကျောင်းလည်းဖြစ်ကြောင်း၊ နှစ်စဉ်တက္ကသိုလ်ဝင်တန်းတွင် ဘာသာစုံဂုဏ်ထူးရှင်များကို မွေးထုတ်ပေးလျှက်ရှိကာ အောင်ချက်ရာခိုင်နှုန်းလည်း တိုးတက်လာကြောင်း၊ ကျောင်းဂုဏ်ဆောင်လူရည်ချွန်များလည်း တစ်နှစ်ထက်တစ်နှစ်ပိုမိုတိုးတက်လာပြီး စွမ်းရည်ပြိုင်ပွဲများတွင်လည်း ဗဟိုအဆင့်ဆု ရရှိခဲ့သောကျောင်းတစ်ကျောင်းဖြစ်ကြောင်း၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်ပညာရေးမှူးရုံးများအနေဖြင့် အခြေခံပညာကျောင်းအသီးသီး၏ ဥပဓိရုပ်ပိုင်းဆိုင်ရာ၊ ဆရာ၊ ဆရာမများ၏ အရည်အသွေးပိုင်းဆိုင်ရာ၊ သင်ထောက်ကူပိုင်းဆိုင်ရာ လိုအပ်ချက်များကို ဖြည့်ဆည်းစီမံဆောင်ရွက်ပေးသွားရန်လိုအပ်ကြောင်း၊ အရည်အသွေးရှိသောပညာရေးစနစ် ဖြစ်လာစေရေးအတွက်ပညာရေးဌာနနှင့်အတူ မိဘအုပ်ထိန်းသူ၊ ပြည်သူများအားလုံးက မိသားစုစိတ်ဓာတ်ဖြင့် ညီညီညွတ်ညွတ်ဝိုင်းဝန်းကြိုးပမ်းကူညီဆောင်ရွက်ကြစေလိုကြောင်း၊ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ အ.ထ.က (၁) တွင် ကျောင်းသားဦးရေ (၃၁၇၇) ဦးတက်ရောက်သင်ကြားခဲ့ပြီး လာမည့် ပညာသင်နှစ်တွင် ကျောင်းသားဦးရေ ပို၍တိုးတက်လာမည်ဟု ခန့်မှန်းရပါကြောင်း၊ သင်ကြားရေးဝန်ထမ်း ပြည့်စုံမှုရှိပြီး ကျောင်းဆောင်စာသင်ခန်းများလည်း လုံလောက်မှုရှိလာပြီ ဖြစ်ကြောင်း၊ နိုင်ငံတော်အနေဖြင့် လူငယ်များ အေးချမ်းစွာပညာသင်ကြားနိုင်ရေးအတွက် စာသင်ဆောင်၊ စာသင်ခန်း လိုအပ်လျက်ရှိသော အခြေခံပညာကျောင်းများကို ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်း (၂၆) ကျောင်းအတွက် ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေ ကျပ်သန်း (၉၃၆၅.၇၁၇) ဖြင့် စာသင်ဆောင်ပေါင်း (၂၆) ဆောင်ကို ဆောက်လုပ်ပေးခဲ့ကြောင်း၊၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ကျောင်းအပ်လက်ခံရေးလုပ်ငန်းများကို ယခုလ (၂၂) ရက်နေ့မှစ၍ အခြေခံပညာကျောင်းအသီးသီးတွင် စတင်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အသက် (၅) နှစ်မှစ၍ ကျောင်းနေအရွယ်ကလေးများအားလုံး ကျောင်းသို့ရောက်ရှိပြီး ပညာသင်ကြားနိုင်ရေးအတွက် ကျောင်းရှိ ကျောင်းအုပ်ကြီး၊ ဆရာ၊ဆရာမများနှင့်အတူ မိဘပြည်သူများ၊ ရပ်မိရပ်ဖများ၊ သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ NGOအဖွဲ့အစည်းများက ပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း ပြောကြားသည်။
င်းဆောင်ဆောက်လုပ်သည့် ချိုဇူးဇူးကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ကျောင်းဆောင်သစ်ဆိုင်ရာ မှတ်တမ်းများအား ပညာရေးဌာနသို့ လွှဲပြောင်းပေးအပ်ရာ တိုင်းဒေသကြီးပညာရေး ညွှန်ကြားရေးမှူးက လက်ခံယူပြီးကျောင်းအကျိုးတော်ဆောင်ဥက္ကဋ္ဌ ဦးဇော်မင်းအုန်းက ကျေးဇူးတင်စကားပြောကြားကာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဘင်ခရာအဖွဲ့နှင့်ပန်းပွားအဖွဲ့အား ဆုငွေချီးမြှင့်သည်။
ယနေ့ဖွင့်လှစ်သည့် RCC (၃) ထပ် (၁၄၀ပေx၃၀ပေ) ကျောင်းဆောင်သစ်သည် ၂၀၂၄-၂၀၂၅ဘဏ္ဍာရေးနှစ်၊ ပညာရေးဝန်ကြီးဌာန ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေကျပ် (၇၁၅.၆) သန်းဖြင့် ဆောက်လုပ်ခြင်းလုပ်ငန်းကို ချိုဇူးဇူးကုမ္ပဏီမှ ၁-၈-၂၀၂၄ ရက်နေ့တွင် စတင်ဆောင်ရွက်ခဲ့ကာ ၁၀-၃-၂၀၂၅ ရက်နေ့တွင် ၁၀၀% အပြီးသတ်ဆောက် လုပ်ခဲ့ပြီး ပညာရေးဌာနသို့ ယနေ့ လွှဲပြောင်းအပ်နှံခြင်းဖြစ်ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)