မင်းဘူး မေ ၂၂
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ ၂၀၂၅ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ ဇီဝမျိုးစုံ မျိုးကွဲထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက် ၇ နာရီအချိန်က ဆင်ခေါင်းကျေးရွာ၌ ကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်၊ အနောက်ပိုင်းလေတပ်ကွပ်ကဲမှုဌာနချုပ် ဌာနချုပ်မှူး ဗိုလ်ချုပ် သိန်းထွန်းဦး၊ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဒေသခံများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ရှေးဦးစွာ အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က အမှာစကားပြောကြားရာ နိုင်ငံတစ်ဝှမ်းလုံး၌ သစ်တော၊ သစ်ပင်များ စိုက်ပျိုးတည်ထောင်ခြင်းအားဖြင့် ရာသီဥတု ပြောင်းလဲမှုများကို လျော့ကျလာစေမှာဖြစ်ကြောင်း၊ သစ်ပင်စိုက်ပျိုးခြင်းအားဖြင့် ရာသီဥတုကို မျှတစေသည့်အပြင် မြေဆီလွှာတိုက်စားမှု လျော့ပါးသက်သာစေခြင်း၊ သားငှက် တိရစ္ဆာန်နှင့် ဇီဝမျိုးစုံ မျိုးကွဲများအတွက် မှီခိုရာနေရာများ ရရှိစေခြင်း၊ သဘာဝဘေးအန္တရာယ်များမှ ကာကွယ်ပေးနိုင်စေခြင်း၊ ဂေဟစနစ်များကို ညီညွတ်မျှတစေကာ ပတ်ဝန်းကျင်းဆိုင်ရာ ကောင်းကျိုးများစွာ ရရှိစေနိုင်သည့်အတွက် ယခုနှစ် မိုးရာသီတွင် မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များ၌ သစ်ပင်များစိုက်ပျိုးနိုင်ရန် တိုင်းဒေသကြီးသစ်တောဦးစီးဌာနက လူထုဖြန့်ပျိုးပြင်ပေါင်း (၅၆၆၆၈၇) ပင်ကို အခမဲ့ဖြန့်ဝေ စိုက်ပျိုးသွားရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။
ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက စိုက်ပျိုးမည့် ပျိုးပင်များကို ခရိုင်နှင့် မြို့နယ်အဆင့် တာဝန်ရှိသူများထံ အသီးသီးပေးအပ်၍ ၂၀၂၅ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲတော်အဖြစ် ပိတောက်၊ ယင်းမာ၊ စိန်ပန်းနှင့် တမာပျိုးပင် စုစုပေါင်း (၁၀၃၅) ပင်ကို တက်ရောက်လာကြသူ များနှင့်အတူ စုပေါင်း စိုက်ပျိုးခဲ့ကြပြီး အဆိုပါဧရိယာအတွင်း သစ်ပင်စိုက်ပျိုးနေမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။
ထို့နောက် မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တာဝန်ရှိသူများက ကန်ရေ အမြဲတမ်း ပျိုးဥယျာဉ်နှင့် ရွှေတပင်အမြဲတမ်းပျိုးဥယျာဉ်သို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ သစ်တောဦးစီးဌာနနှင့် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများက ပျိုးဥယျာဉ်နှစ်ခုတွင် ဘဏ္ဍာနှစ်အလိုက် နှစ်စဉ် ပျိုးထောင်ထားရှိမှု၊ သဘာဝပတ်ဝန်းကျင်း စိမ်းလန်းစိုပြည်ရေးအတွက် သစ်တောများ တည်ထောင်၍ သစ်ပင်များစိုက်ပျိုးထားရှိမှု အခြေအနေအား ရှင်းလင်းတင်ပြမှုများအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မောင်မောင်(မင်းဘူး)