စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့၌ ကိုဗစ်-၁၉ စီးပွားရေးထိခိုက်မှု သက်သာရေး စီမံချက် (CERP) အစီအစဉ်အရ စိုက်ပျိုးထားသည့် မနောသုခ မိုးစပါးမျိုးစေ့ထုတ်စိုက်ကွက် စံကွက်ရိတ်သိမ်းခြင်း ကွင်းသရုပ်ပြပွဲပြုလုပ်

ချောင်းဦး ဒီဇင်ဘာ ၁၁

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေးထိခိုက်မှု သက်သာရေး စီမံချက် CERP အစီအစဉ်ဖြင့် စိုက်ပျိုးထားသည့် တောကျောင်းကြီး အုပ်စု၊‌တောကျောင်းကြီးစံပြ‌ကျေးရွာ ကွင်းအမှတ်(၁၉၆၃က) ၊ ဦးပိုင် (၃၀၈)တောင်သူ ဦးလှဌေး ၏ အောင်မြင်ဖြစ်ထွန်းနေသော မနောသုခမိုးစပါးမျိုးစေ့ထုတ်စိုက်ခင်းတွင် ဒီဇင်ဘာလ ၁၁ ရက်၊ နံနက် ၉ နာရီအချိန်က စံကွက်ရိတ်သိမ်းခြင်း ကွင်းသရုပ်ပြသခဲ့ကြောင်း သိရသည်။

စံကွက်ရိတ်သိမ်းရာတွင် ချောင်းဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခင်မြတ် မြတ်ဦးနှင့် မကျီးခွ စိုက်ပျိုးနည်းပညာပြန့်ပွားရေးစင်တာနှင့် အမြင့်စိုက်ပျိုး နည်းပညာ ပြန့်ပွားရေး စင်တာနယ်မြေမှ စိုက်ပျိုးရေးပညာ ရှင်ဝန်ထမ်းများ၊‌ လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာန မှ တာဝန်ရှိသူများမှ လက်တွေ့ကွင်း သရုပ် ပြသခဲ့ကြ သည်။

အဆိုပါ မနောသုခမိုးစပါးမျိုးစေ့ထုတ်စိုက်ကွက်ရိတ်သိမ်းခြင်း ကွင်းသရုပ်ပြသည့် တောင်သူ ဦးလှဌေး ၏ CERP အစီအစဉ်ဖြင့် စိုက်ပျိုးထားသော မနောသုခမိုးစပါး မျိုးစေ့ထုတ် စိုက်ကွက်(၆)ဧက၌ ၆ ဒသမ ၆ ပေ ပတ်လည် စံကွက် ရိတ်သိမ်းရာ အထွက်နှုန်းမိတ်ဖက်အရ (၁)ဧကပျှမ်းမျှ အထွက်နှုန်း(၁၁၅.၁၅)တင်း ထွက်ရှိကြောင်း၊ သုညဒသမ ၁၀ စံကွက် ရိတ်သိမ်းရာ အထွက်နှုန်း မိတ်ဖက်အရ(၁)ဧကပျှမ်းမျှ အထွက်နှုန်း(၁၁၀.၃၄)တင်း ထွက်ရှိ ခဲ့ကြောင်း ကွင်းတာဝန်ခံ ဒေါ်သန္တာထွေး ကပြောပြသည်။

မိုးစပါး မနောသုခ  စံကွက် ၆ ဒသမ ၆ပေ ပတ်လည်နှင့် သုညဒသမ ၁၀ စံကွက်ရိတ်သိမ်းရတဲ့ အတွက် တစ်ဧက အထွက်နှုန်းသိရုံသာမက အထွက်နှုန်းမိတ်ဖက်လက္ခဏာတွေဖြစ်တဲ့ တစ်ဧ ကကောက်ကွက်၊ အနှံပါပင်ပွား၊ တစ်နှံပါ အောင်စေ့၊ အစေ့တစ်ထောင်အလေးချိန် တွေကို လေ့လာဆန်းစစ်နိုင်ပြီး အားနည်းချက်တွေရှိရင်လည်း ပြုပြင် ဆောင်ရွက် နိုင်ဖို့ တောင်သူ တွေအသိပညာရရှိအောင် ဆောင်ရွက်တာဖြစ်ပြီး စိုက်ပျိုးရေးဦးစီးဌာန အနေဖြင့် ထွက်ရှိ လာသော စပါးများကို မျိုးစေ့ နမူနာယူ၍ ဓာတ်ခွဲခန်းသို့ပို့ဆောင်ကာ နိုင်ငံတကာအသိအမှတ်ပြု စိုက်ပျိုးရေး အလေ့အကျင့်ကောင်း (GAP)လက်မှတ်များ ရရှိသည့်အထိ ဆောင်ရွက်ပေး မှာဖြစ်ကြောင်း မြို့နယ်စိုက်ပျိုး‌ရေး ဦးစီးမှူး ဒေါ်ခင်မြတ်မြတ်ဦး က ပြောပြသည်။

အဆိုပါ စံကွက်ရိတ်သိမ်းရာသို့  တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်ခင်၊ မြို့နယ် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ဘော်၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်း ဦးစီးဌာန ဒုတိယဦးစီးမှူး ဦးလှအောင်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဒေါ်ခင်မြတ်မြတ်ဦး နှင့် ဝန်ထမ်းများ၊ တောကျောင်းကြီးစံပြကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးလှဌေး နှင့် ဒေသခံတောင်သူများ ပူးပေါင်း၍ စံကွက်ရိတ်သိမ်း ကွင်းသရုပ်ပြသခဲ့ကြောင်းသိရသည်။

အိအိအောင်(ချောင်းဦး)