မြိတ်မြို့နယ် အခြေခံပညာကျောင်းများတွင် KG မှ Grade-12 ကျောင်းသား/သူများအား ကျောင်းအပ်လက်ခံဆောင်ရွက်ပေး 

မြိတ် မေ ၂၂

၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာ KG မှ Grade-12 ကျောင်းသား/သူများကို မြိတ်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းအသီးသီး၌ ကျောင်းအပ်နှံရေး သီတင်းပတ် ပထမရက် မေ (၂၂) ရက်မှ စတင်ကာ ကျောင်းအပ်လက်ခံဆောင်ရွက်ပေးလျက်ရှိရာ မိဘအုပ်ထိန်းသူများက မိမိတို့၏ ကလေးငယ်များအား ကျောင်းများတွင် လာရောက်အပ်နှံလျက်ရှိကြသည်။

“ကျောင်းနေအရွယ်ကလေးအားလုံး စဉ်ဆက်မပြတ် ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်ဖြင့် ကျောင်းနေအရွယ်ကလေးအားလုံး အခြေခံပညာသင်ယူခွင့်ရရှိရန်၊ ကျောင်းအပ်နှံရေး အခွင့်အလမ်းများ ရရှိပြီး ကျောင်းတက်နှုန်း ကျောင်းနေနှုန်း မြင့်မားလာစေရန်နှင့် အခမဲ့ပညာရေးစနစ် ကျယ်ကျယ်ပြန့်ပြန့် အကောင်အထည် ဖော်ဆောင်ရွက်ရေး ရည်ရွယ်ချက်ဖြင့် ကျောင်းအသီးသီး၌ ကျောင်းအပ်နှံလက်ခံ ဆောင်ရွက် ပေးလျက်ရှိကြသည်။  

ထိုသို့ ကျောင်းအသီးသီး၌ မိဘအုပ်ထိန်းသူများက ကျောင်းသား/သူများအား အတန်းအလိုက်ကျောင်း လာရောက်အပ်နှံနေမှုအား ကျောင်းအုပ်ကြီးများနှင့် တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြသည်။ မြိတ်မြို့နယ်၌ အထက်တန်းကျောင်း(၁၈)ကျောင်း၊ အထက်တန်းကျောင်းခွဲ(၈)ကျောင်း၊ အလယ်တန်းကျောင်း (၁၂)ကျောင်း၊ အလယ်တန်း ကျောင်းခွဲ(၉)ကျောင်း၊ မူလတန်းလွန်ကျောင်း(၂၄)ကျောင်း၊ မူလတန်းကျောင်း (၇၃)ကျောင်း၊ ကိုယ်ပိုင်ကျောင်း(၄)ကျောင်း၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း(၈)ကျောင်း ရှိသည်။

မြိတ်မြို့နယ်အတွင်းရှိ ကျောင်းအသီးသီးတွင် ကျောင်းအပ်နှံရေး သီတင်းပတ်ကာလ မေလ(၂၂)ရက်မှ ဇွန်လ(၁)ရက်အထိ  KG မှ Grade-12 ကျောင်းသား/သူများကို အတန်းစဉ် အလိုက် ကျောင်းအပ်လက်ခံဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ KG ကျောင်းသား/သူများကို ကျောင်းသုံးပုံနှိပ်စာအုပ်၊ ခဲတံ(၄)ချောင်း၊ ကျောင်းဝတ်စုံ တစ်စုံ၊ Grade-1 မှ Grade-5 မူလတန်း ကျောင်းသား/သူများကို ကျောင်းသုံးပုံနှိပ်စာအုပ်၊ ဗလာစာအုပ်(၁)ဒါဇင်၊ ခဲတံ(၄)ချောင်းနှင့် ကျောင်းဝတ်စုံ(၁)စုံ၊ Grade-6 မှ Grade-12  အလယ်တန်းနှင့်အထက်တန်း ကျောင်းသား/သူ များကို ကျောင်းသုံးပုံနှိပ်စာအုပ်၊ ဗလာစာအုပ်(၁)ဒါဇင်နှင့် ခဲတံ(၂)ချောင်းနှင့် ဘောပင်(၂) ချောင်းကို အခမဲ့ပေး အပ်သွားမည်ဖြစ်ကြောင်း  မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ခိုင်ထူး (ပြန်/ဆက်)