လိပ်သို၊ ဒီဇင်ဘာ ၁၁
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့တွင် တောင်ငူမြို့ ဂရုဏာလူမှု စည်းလုံး ညီညွတ်ရေးအသင်း (KMSS)၏ ဦးဆောင်စီစဉ်မှုဖြင့် SICRL စီမံကိန်းရလဒ်များ နှင့် သုတေသနစာတမ်းများ ပေးအပ်ခြင်း အလုပ်ရုံ ဆွေးနွေးပွဲကို ယမန်နေ့ နံနက်က ကတ်သလစ်ဓမ္မာရုံ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ စီမံကိန်းညှိနှိုင်းရေးမှူး စောသောင်းတင်က နှုတ်ခွန်းဆက်စကားပြောကြား ပြီး ပဒိုစောဂျီစိန်ထွဋ် က အမှာစကားပြောကြားခဲ့သည်။ ဆက်လက်ပြီး လိပ်သိုမြို့ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ဒုတိယ ဦးစီးမှူး ဦးဇော်မိုးနိုင်က လယ်ယာမြေဥပဒေများနှင့်စပ်လျဉ်း၍ အသိပညာပေး ဆွေးနွေးပြီး စီမံကိန်းမန်နေဂျာ နော်မေရီအက်စတယ်က စီမံကိန်း၏ ရည်ရွယ်ချက်များနှင့် သုတေသန ပြု လုပ်ငန်းများအကြောင်းကို ရှင်းလင်းဆွေးနွေးပေးခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲကို ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာနက ထုတ်ပြန်ထားသော လမ်းညွှန်ချက်များနှင့်အညီဆောင်ရွက်ခဲ့ပြီး မိုင်းလွန်၊ သစ်ခွတောင်၊ လဘက်အင်းရွာဟောင်း မှ ဒေသခံကိုယ်စားလှယ်များက မိမိတို့ ကျေးရွာတွင် ဆောင်ရွက်ခဲ့သော စီမံကိန်းအတွေ့ အကြုံများအား ပြန်လည်ဆွေးနွေးခဲ့ပြီး စီမံကိန်းရလဒ်များနှင့် သုတေသနစာတမ်းများကို သက်ဆိုင်ရာ ကျေးရွာ (၁၃) ရွာမှ ကိုယ်စားလှယ်များထံသို့ ပေးအပ်ခဲ့ကြောင်း သိရပါသည်။
နွယ်နွယ်ခိုင် (ပြန်/ဆက်)