စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်ရှိ ကျေးရွာပေါင်း ၂၂ရွာတွင် (VDP) စီမံကိန်း ထောက်ပံ့ငွေကျပ်သိန်း ၂၂၀၀ဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်မည်

ဝန်းသို ဒီဇင်ဘာ ၁၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်တွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီး ဌာနမှ ၂၀၂၀-၂၀၂၁ ခုဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးတိုး တက်ရေးလုပ်ငန်းစီမံကိန်း(VDP)လျာထားတင်ပြထားသော ကျေးရွာပေါင်း(၂၂)ရွာမှ အုပ်ချုပ်ရေးအဖွဲ့အစည်း များနှင့် အကြိုလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၌ ကျေးရွာ (၁၁) ရွာစီခွဲ၍ နှစ်ကြိမ်ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်ဦးစီးမှူး ဦးမြတ်မျိုးထွန်းက ကျေးရွာဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းစီမံကိန်းသည် ကျေးရွာလူထုကိုယ်တိုင်ဆောင်ရွက်ရမည့်လုပ်ငန်းဖြစ်ကြောင်း၊ Covid-19 ကူးစက် ရောဂါကာလတွင် ကျေးရွာလူထုက စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းလုပ်ငန်းများကို ကျန်းမာရေး လမ်းညွှန်ချက် နှင့်အညီ ပူးပေါင်းပါဝင်လိုက်နာဆောင်ရွက်ကြဖို့လိုကြောင်း၊ ပြည်သူပါဝင်ရ မည့်လုပ်ငန်းဖြစ်သည့် အတွက် ကြောင့် စည်းစည်းလုံးဆောင်ရွက်နိုင်ဖို့နဲ့ သက်ဆိုင်သူအားလုံးပါဝင်လာဖို့ လိုအပ်ကြောင်း၊ ဦးစီးဆောင်ရွက်မည့် ကော်မတီတစ်ဖွဲ့ဖွဲ့စည်းရမည်ဖြစ်ကြောင်း စီမံကိန်းလုပ်ငန်း အသေးစိတ်ကို ရှင်းလင်းဆွေးနွေးပြီး အစည်းအဝေး တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းခဲ့ရာ မြို့နယ်ဦးစီးမှူးက ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့သည်။

မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာတစ်ရွာလျှင် (VDP) စီမံကိန်းရန်ပုံငွေ ကျပ်သိန်း (၁၀၀)စီဖြင့် ကျေးရွာပေါင်း ၂၂ ရွာတွင် စုစုပေါင်းထောက်ပံ့ငွေကျပ်သိန်း ၂၂၀၀ ထောက်ပံ့ ပေးကာ ကျေးရွာလူထုကိုယ်တိုင်အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပြီး ဝန်းသိုမြို့နယ် တွင်(VDP) စီမံကိန်း ထောက်ပံ့ငွေဖြင့် သုံးနှစ်အတွင်း ကျေးရွာပေါင်း ၉၅ ရွာ အကောင်အထည် ဖော်ဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်ကြောင်း မြို့နယ်ကျေးလက်ဦးစီးမှူး ထံမှသိရသည်။

ကျော်မြိုင် (ပြန်/ဆက်)