ထားဝယ်မြို့၌ ပညာရေးနှင့်သင်ပြနည်းပညာဒီပလိုမာသင်တန်း အမှတ်စဉ်(၁/၂၅) သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ

ထားဝယ်   မေ ၂၁

ပညာရေးနှင့်သင်ပြနည်းပညာဒီပလိုမာသင်တန်း အမှတ်စဉ် (၁/၂၅) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ထားဝယ်ပညာရေးဒီဂရီကောလိပ် တိက္ခပညာခန်းမတွင် ကျင်းပသည်။

အခမ်းအနား၌ တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးသက်နိုင်က အခြေခံပညာသည် နိုင်ငံသားကောင်းဖြစ်မြောက်ရေးအတွက် တာဝန်ယူပြုစုပျိုးထောင်ပေးရသည့် ပညာရေးဖြစ်ကြောင်း၊ အခြေခံပညာသည် ပညာအခြေခံဖြစ်ပြီး နိုင်ငံသားကောင်းများ ဖြစ်မြောက်လာရေးအတွက် ရည်ရွယ်မျှော်မှန်းကာ ပြည်စုံစွာပြုစုပျိုးထောင်မှုပေးရမည့် ပညာအခြေခံဖြစ်ကြောင်း၊ သင်တန်းကာလတစ်လျှောက်တွင် သင်ကြားသူများက အားသွန်ခွန်စိုက် လေ့ကျင့်သင်ကြားပေးသလို သင်ယူသူများကလည်း  တစ်စိုက်မတ်မတ် ကြိုးစားသင်ယူခဲ့ကြကြောင်း၊ ဆရာကောင်းတပည့် ပန်းကောင်းပန် ဆိုသလို ပန်းကောင်းကလေးများ အားထားရသည့် ဆရာကောင်းများဖြစ်လာစေရန် သင်တန်းက သင်ကြားပို့ချပေးသည့် နည်းပညာများ၊ နည်းစနစ်များကို အတက်နိုင်ဆုံး ပြန်လည် အသုံးချရန်လိုအပ်ကြောင်း၊ ဆရာ၊ ဆရာမများသည် ပညာရေးနှင့်သင်ပြနည်းပညာဒီပလိုမာရရှိကြမှာဖြစ်သည့်အတွက် ဝမ်းသာဂုဏ်ယူကြောင်း၊ အမျိုးသားပညာရည် တိုးတက်မြင့်မားရေးကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ဆရာ၊ ဆရာမများ၏ အခန်းကဏ္ဍသည်အလွန်အရေးပါသောကြောင့်ဆရာ၊ ဆရာမများကိုယ် တိုင်က အရည်အသွေးပြည့်ဝမြင့်မားနေရန် အရေးကြောင်း၊ ဆရာဆိုသည့် ထာဝရကျောင်းသားကြီးဆိုသည့်စကားနှင့်အညီ အစဉ်လေ့လာသင်ယူနေရမှာဖြစ်ကြောင်း၊ အနာဂတ်သားကောင်း၊ သမီးကောင်းများကို ဗလငါးတန်နှင့်အညီ ဖွံ့ဖြိုးတိုးတက်ရန် လေ့ကျင့်ပေးရမည့်သူများသည် ဆရာ၊ ဆရာမများဖြစ်သောကြောင့် လေ့ကျင့်ပေးနိုင်ရန် မိမိတို့၏အရည်အသွေးကို အစဉ်မြင့်မားအောင် ကြိုးစားသွားကြရန်၊ အမိနိုင်ငံတော်အတွက် အားကိုးအားထားရသည့် ဆရာကောင်း ဆရာမွန်များအဖြစ် ဆက်လက်ကြိုးစားကြရန် လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် ဆရာမများနှင့်သင်တန်းသူများ၏  ပိတောက်တစ်ခက် တစ်သက်သစ္စာ၊  မှုံရွှေရည်၊ မြမန်းဂီရိ၊ လှလိုက်တဲ့တနင်္သာရီ၊ အကများဖြင့် သီဆိုကပြဖျော်ဖြေတင်ဆက်နေမှုကို တိုင်းဒေသကြီးတရားလွှတ်တော်တရား သူကြီးချုပ်၊ တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီး၊ တိုင်းဒေသကြီးဥပဒေချုပ်၊ ဌာနဆိုင်ရာတာဝန်ရှိသူများတို့က  ကြည့်ရှုအားပေးကြကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)