ထားဝယ်ခရိုင် လူထုအခြေပြုဗဟိုဌာန၌ ဖယောင်းတိုင်ပြုလုပ်နည်းသင်တန်းဖွင့်လှစ်

ထားဝယ် မေ ၂၁

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် တိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ပူးပေါင်း၍ ဝန်ထမ်းများနှင့် မိသားစုဝင်များ ဒေသတွင်းထုတ်ကုန်မှ အပိုဝင်ငွေရရှိစေပြီး လူနေမှုဘ၀ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ဖယောင်းတိုင် ပြုလုပ်နည်းသင်တန်းကို ယနေ့နံနက်ပိုင်းက ခရိုင်လူထုအခြေပြုဗဟိုဌာန၌ ကျင်းပခဲ့သည်။

သင်တန်းတွင် တိုင်းဒေသကြီးအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မဥ္ဇူဝင်းက ဖယောင်းတိုင်ပြုလုပ်နည်းသင်တန်းသည် မိသားစုအလိုက်လူမှုစီးပွားဘဝ ဖွံ့ဖြိုး တိုးတက်စေရန်အတွက် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု လူသုံးကုန်ထုတ်လုပ်နည်း သင်တန်းလည်းဖြစ်ကြောင်း၊ ဖယောင်းတိုင်သည် မိသားစုတွင် မရှိမဖြစ်လိုအပ်သောလူသုံး ကုန်ပစ္စည်း ဖြစ်ကြောင်း၊ ဖယောင်းတိုင်ပြုလုပ်နည်းအား စိတ်ပါဝင်စားစွာဖြင့်ကြိုးစား၍ သင်ယူမည်ဆိုပါက အခွင့်အလမ်းတစ်ခု ဖြစ်လာနိုင်ကြောင်းပြောကြားခဲ့သည်။

ထို့နောက်နည်းပြ ဒေါ်ဆုသက်ဌေးက ဖယောင်းတိုင်မပြုလုပ်မီ ကြိုတင်၀ယ်ယူထားရမည့် ကုန်ကြမ်းပစ္စည်းများကို ရှင်းလင်းပြောကြားခဲ့ပြီး ဖယောင်းလှီးနည်းနှင့် အရည်ကျိုနည်း၊ ဖယောင်းကာလာစပ် နည်း၊ မီးဇာထည့်နည်းတို့ကို ဒီဇိုင်းပုံစံအမျိုးမျိုးဖြင့် လက်တွေ့ပြုလုပ် သင်ကြားပြသခဲ့ကြောင်း သိရသည်။

ငွေဇင်ယော်(ထားဝယ်)