ကျောက်ကြီးမြို့နယ်၌ ကျောင်းနေအရွယ်ကလေးများအားလုံး စဥ်ဆက်မပြတ် ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့ ဆိုင်းဘုတ်စိုက်ထူ

 ကျောက်ကြီး မေလ ၂၁

ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ သိန်တန်းရပ်ကွက် ဗိုလ်ချုပ်ကြေးရုပ်တုအဝိုင်းအနီး ဝဲပျံဘုန်းတော်ကြီးကျောင်းရှေ့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဦးဆောင်ပြီး ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ် ပညာရေးဝန်ကြီးဌာန၏ "ကျောင်းနေအရွယ် ကလေးများအားလုံး စဥ်ဆက်မပြတ် ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့" ဆိုင်းဘုတ်အား ယမန်နေ့နံနက် ၇ နာရီအချိန်ခန့်က စိုက်ထူခဲ့သည်။

ပညာရေးဝန်ကြီးဌာန၏ ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ် ကျောက်ကြီးမြို့နယ်အတွင်းရှိ ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ယူခွင့်ရရှိအောင် မေလ ၂၂ ရက်နေ့မှစတင်ပြီး မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအားလုံးတွင် ကျောင်းအပ်နိုင်ပြီဖြစ်ကြောင်း၊ ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများတွင် အခကြေးငွေတစ်စုံတစ်ရာ ကောက်ခံခြင်းမရှိပဲ "အခမဲ့" ပညာရေးစနစ်ဖြင့် ကျောင်းအပ်လက်ခံတော့မည်ဖြစ်ကြောင်း၊ မေလ ၂၂ ရက်နေ့မှ ဇွန်လ ၁ ရက်နေ့အထိ ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ်သတ်မှတ်ပြီး မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် KG အဆင့်မှ Grade-12 အဆင့်ရှိ ကျောင်းသား/ ကျောင်းသူများကို  "အခမဲ့" ပညာရေးစနစ်ဖြင့် ကျောင်းအပ်လက်ခံတော့မည်ဖြစ်ကြောင်း ဒုတိယမြို့နယ်ပညာရေးမှူး ပြောကြားချက်အရသိရသည်။

အဆိုပါ "ကျောင်းနေအရွယ် ကလေးများအားလုံး စဥ်ဆက်မပြတ် ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့" ဆိုင်းဘုတ်စိုက်ထူပွဲကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးကဲများ၊ ပညာရေးဝန်ထမ်းများတက်ရောက်ပြီး ဆိုင်းဘုတ်အား အမွှေးနံ့သာရေများဖြင့် ပက်ဖျန်းပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)