ကျုံပျော် မေ ၂၁
အမျိုးသမီးများအိမ်တွင်းမှုအတတ်ပညာသာမက မီးဖိုချောင်သုံးပစ္စည်းများဖြင့်ပါ မိသားစုကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်စေရန်ရည်ရွယ်၍ ကျုံပျော်ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးကော်မတီနှင့် တိုင်းရင်းဆေးဦးစီးဌာနတို့ပူးပေါင်းကာ အခြေခံတိုင်းရင်းဆေးပညာသင်တန်းကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ် (၁၆)ကုတင်ဆံ့တိုင်းရင်းဆေးရုံ၌ ယမန်နေ့က ဖွင့်လှစ်ခဲ့သည်။
ဦးစွာ ကျုံပျော်ခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်နမ့်သီတာချိုစင်နှင့် တိုင်းရင်းဆေးရုံအုပ် ဦးခိုင်ထွန်းဇော်တို့က သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ အမှာစကားပြောကြားသည်။ ထို့နောက် ဒုတိယတိုင်းရင်းဆေးရုံအုပ် ဒေါ်မိုးကြည်ခိုင်က တိုင်းရင်းဆေး၏သမိုင်းကြောင်း၊ ဆေးဘက်ဝင်ပစ္စည်းများ၏ အသုံးဝင်မှုနှင့် ငွေကြေးကုန်ကျစရိတ်သက်သာမှု၊ ရောဂါအမျိုးအစားပေါ်လိုက်၍ မီးဖိုချောင်သုံးပစ္စည်းများဖြင့် လက်တွေ့ဆေးမြီးတိုကုသနည်းများကို သင်ကြားပို့ချပေးခဲ့သည်။
အဆိုပါသင်တန်းသို့ ကျုံပျော်၊ ရေကြည်နှင့် ကျောင်းကုန်းမြို့နယ်တို့မှ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဝင်များတက်ရောက်ခဲ့ကြပြီး၊ တစ်ရက်တာသင်တန်းဖွင့်လှစ်ပို့ချပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)