ပခုက္ကူ မေ ၂၁
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ ဆုကြီးပန်သီလရှင်သင်ပညာရေးအလယ်တန်းကျောင်းနှင့် ရွှေဝန်းရံကွန်ပျူတာသင်တန်းတို့ ပူးပေါင်းဖွင့်လှစ်သော အသက်မွေးဝမ်းကျောင်းအထောက်အကူပြု နွေရာသီကွန်ပျူတာသင်တန်းဆင်းပွဲကို ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
သင်တန်းဆင်းပွဲတွင် ပခုက္ကူမြို့၊ ဆုကြီးပန်သီလရှင်သင်ပညာရေးအလယ်တန်းကျောင်း အကျိုးတော်ဆောင်ဥက္ကဋ္ဌ၊ စာရေးဆရာအောင်ဝင်းမျိုးချစ်သူ(ရေစကြိုသား)က နွေရာသီကွန်ပျူတာသင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်များအကြောင်း ရှင်းလင်းပြောကြားပြီး ရွှေဝန်းရံကွန်ပျူတာသင်တန်းနည်းပြဆရာ ဦးနေထက်အောင်က သင်တန်းကာလအတွင်း သင်ကြားပို့ချခဲ့သည့် ကွန်ပျူဘာသာရပ်များနှင့် အကျိုးကျေးဇူးများအကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် ပခုက္ကူမြို့၊ ဆုကြီးပန်သီလရှင်သင်ပညာရေးအလယ်တန်းကျောင်းတာဝန်ခံ ဒေါ်သီသီထွေးနှင့် တာဝန်ရှိသူများက သင်တန်းသား၊ သင်တန်းသူများအား အောင်လက်မှတ်များ ပေးအပ်ချီးမြှင့်ကြသည်။
အဆိုပါသင်တန်းတွင် သင်တန်းသား၊ သင်တန်းသူ ၆၄ ဦး တက်ရောက်ခဲ့ပြီး မြန်မာစာနှင့် အင်္ဂလိပ်စာလက်ကွက်များ လေ့ကျင့်နည်း၊ Microsoft Word, Excel, PowerPoint များနှင့် Adobe PageMaker အသုံးပြု၍ ရုံးစာရေးသားနည်း၊ ဖိတ်စာနှင့် ယပ်တောင်များဖန်တီးရေးသားနည်း၊ စာရင်းဇယားပြုလုပ်နည်းများ၊ ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများကိုင်တွယ်အသုံးပြုနည်း စသည့် အခြေခံသင်တန်းနှင့်ဓာတ်ပုံပြုပြင်နည်း၊ စာရင်းကိုင်၊ စာရင်းအင်းတွက်ချက်နည်း၊ လုပ်ငန်းတစ်ခု၏ အရှုံးအမြတ်တွက်ချက်နည်း၊ အဆောက်အဦဒီဇိုင်းအမျိုးမျိုးရေးဆွဲနည်း၊ (Software & Hardware)ကွန်ပျူတာပြုပြင်နည်း စသည့် အဆင့်မြင့်သင်တန်း သင်တန်းနှစ်မျိုးခွဲ၍ ၂၀၂၅ ခုနှစ်၊ မတ်လ ၁၁ ရက်မှ မေလ ၂၁ ရက်နေ့အထိ သင်တန်းကာလ ၂ လကြာ စာတွေ့၊ လက်တွေ့ စနစ်တကျ သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)