ကသာမြို့တွင် ရာသီပေါ်အစားအစာ မိုးဦးပုရစ်များထွက်ရှိ

ကသာ မေ ၂၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့တွင် ဒေသခံပြည်သူများနှစ်ခြိုက်စွာ စားသုံးသောဒေသထွက် ရာသီပေါ်အစားအစာဖြစ်သည့် မိုးဦးပုရစ်များပေါများစွာ ထွက်ရှိသည့်အတွက် ဒေသခံပြည်သူများအနေဖြင့် မိသားစုအပိုဝင်ငွေများ ရရှိလျက်ရှိကြသည်။

မိုးဦးပေါက်ကာလဖြစ်သည့် ကဆုန်လအချိန်ကာလတွင် မိုးများတဖြိုက်ဖြိုက်ရွာပြီး ဧရာဝတီ မြစ်ရေတက်စအချိန်၌ မိုးဦးပုရစ်များ လှိုင်လှိုင်ပေါ်ပြီး ဒေသခံပြည်သူများအနေဖြင့် ဧရာဝတီမြစ်ကမ်းတစ်လျှောက်နှင့် ကိုင်းမြေ၊ မြေနုကျွန်းမြေများတွင်  မိုးရေ၊မြစ်ရေလျှံတက်လာမှုကြောင့် အပြင်သို့ထွက်လာသောတွင်းအောင်း ပုရစ်များကိုဖမ်းယူ၍ မြို့ပေါ်ဈေးများတွင်လည်းကောင်း၊ အခြားမြို့နယ်များသို့ ရေခဲရိုက်သယ်ယူ၍လည်းကောင်း၊ အဝယ်ဒိုင်များတွင် ရောင်းချခြင်းဖြင့်လည်းကောင်း မိသားစုအပိုဝင်ငွေများ ရရှိလျက်ရှိကြသည်။

ရာသီနှစ်တစ်နှစ်တွင် ပုရစ်သည်မိုးဦးနှင့် ဆောင်းဦးပေါက်ကာလများတွင် ပေါ်လေ့ရှိပြီး မိုးပုရစ်နှင့် ဆောင်းပုရစ်များတွင် ဥပါသောဆောင်းပုရစ်ကို ပို၍လူကြိုက်များကြသည်။ မိုးဦးပုရစ်သည် ဆောင်းကာလ၌ပေါ်သည့် ဆောင်းပုရစ်ကဲ့သို့ ဥများမပါရှိသည့်အပြင် အသားနူးညံ့လွန်းပြီး အစားမတော်ပါက ဝမ်းကိုက်တတ်သည်။ သို့သော် ဒေသခံများအနေဖြင့် မိုးဦးပုရစ်ကိုလည်း နှစ်ခြိုက်စွာစားသုံးကြပြီး မိမိတို့၏ မိသားစုဝင်များ၊ မိတ်ဆွေများထံသို့လည်း လက်ဆောင်အဖြစ် ပေးပို့လေ့ရှိကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)