ပခုက္ကူခရိုင် လူထုအခြေပြုဗဟိုဌာန၌ သတင်းရေးသားရိုက်ကူးတည်းဖြတ်နည်းသင်တန်း (၁/၂၀၂၅)ဖွင့်လှစ်

ပခုက္ကူ မေ ၂၁

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယမန်နေ့နံနက် ၉ နာရီအချိန်က သတင်းရေးသားရိုက်ကူးတည်းဖြတ်နည်းသင်တန်း (၁/၂၀၂၅) ဖွင့်လှစ်သင်ကြားခဲ့သည်။

သင်တန်းတွင် ပခုက္ကူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်စန်းယုမော်က တိုးတက်ပြောင်းလဲနေသော နည်းပညာရပ်များနှင့်အတူ သတင်းရေးသားရိုက်ကူးတည်းဖြတ်ခြင်းအတတ်ပညာများ၊ သတင်းတု၊ သတင်းမှားများ ခွဲခြားသိမြင်နိုင်ရေးသည်လည်း အရေးပါလျက်ရှိကြောင်း၊ မိမိတို့ဝန်ထမ်းများသည် ပြည်သူလူထုကို အသိပညာပေးရသော ဝန်ဆောင်မှုပေးရသော ဝန်ထမ်းများဖြစ်သည်နှင့်အညီ အရည်အချင်းများရှိပြီး အရည်အသွေးကောင်းမွန်သောသတင်းများရေးသားနိုင်ရေး၊ အဆင့်မီသည့် သတင်းဗီဒီယိုများကို ကျွမ်းကျင်ပိုင်နိုင်စွာ လက်တွေ့ရိုက်ကူးတည်းဖြတ်နိုင်ရေး ကြိုးစားသင်ယူကြရန်လိုအပ်ကြောင်း အမှာစကားပြောကြားခဲ့သည်။

ထို့နောက် သင်တန်းဆက်လက်ပို့ချရာ ပခုက္ကူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်စန်းယုမော်က အခြေခံသတင်းပညာ၊ သတင်းထုတ်ပြန်ခြင်းကိုလည်းကောင်း၊ ဦးစီးအရာရှိ ဒေါ်ချိုချိုမာက သတင်းအချက်အလက်များစုဆောင်းခြင်းကိုလည်းကောင်း၊ ဦးစီးအရာရှိ ဒေါ်နွယ်နွယ်အောင်(တွဲဖက်)က သတင်းရေးသားခြင်းနှင့်စာနယ်ဇင်းကျင့်ဝတ်များကိုလည်းကောင်း၊ ဓာတ်ပုံကျွမ်းကျင်-၂ ဦးကီးလိန်းဖေက သတင်းဓာတ်ပုံနှင့် ဗီဒီယိုရိုက်ကူးတည်းဖြတ်ခြင်းကိုလည်းကောင်း မေလ ၂၀ ရက်မှ ၂၁ ရက်အထိ စာတွေ့၊ လက်တွေ့ စနစ်တကျသင်ကြားပို့ချပေးရာ ပခုက္ကူခရိုင်နှင့် မြို့နယ်ရုံးများမှ ဝန်ထမ်း (၂၂)ဦး တက်ရောက်ကြကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)