ကြံခင်း မေ ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့၊ ရွာသစ်ရပ်ကွက်နှင့် ရွှေတောင်စုရပ်ကွက်တို့၌ စားသုံးဆီအရောင်းဆိုင်များ၊ အီလက်ထရောနစ်နှင့် မိုဘိုင်းဖုန်းအရောင်းဆိုင်များအား သတ်မှတ်ထားသော စည်းကမ်းချက်များနှင့်အညီ ရောင်းချမှု ရှိ/မရှိစစ်ဆေးခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်စားသုံးရေးရာဦးစီးဌာနမှ စစ်ဆေးရေးအရာရှိ ဦးကျော်နိုင်ဝင်း၊ စစစမှဒုစုံမှူး ဦးအောင်ကိုကိုဌေး၊ မြိုနယ်စည်ပင်သာယာရေးအဖွဲ့ ဒုတိယဦးစီးမှူး ဒေါ်ခင်သန္တာထိုက်နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ရွာသစ်ရပ်ကွက်စာရေး ဦးမျိုးသက်ထွန်း၊ ရွှေတောင်စုစာရေး ဦးတင်ကိုကိုလတ်တို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် ရွာသစ်ရပ်ကွက်နှင့် ရွှေတောစုရပ်ကွက်အတွင်းရှိ စားသုံးဆီအရောင်းဆိုင်များတွင် သတ်မှတ်ထားသည့် ဈေးနှုန်းများဖြင့် ရောင်းချမှုရှိ/မရှိ၊ အရောင်းစာရင်း နေ့စဉ်ပြုစုထားရှိမှု ရှိမ/မရှိ စစ်ဆေးခြင်း၊ မိုဘိုင်းဖုန်း၊ ကွန်ပျူတာ၊ တီဗီ စသည့် အီလက်ထရောနစ်ဆိုင်များအား Warranty ပါရှိသော ကုန်ပစ္စည်းများကို တာဝန်ခံမှု၊ တာဝန်ယူမှုဖြင့် ရောင်းချမှုရှိ/မရှိ စစ်ဆေးခြင်းနှင့် ကုန်ဈေးနှုန်းတည်ငြိမ်မှုရှိစေရေးတို့ကို စစ်ဆေးကြပြီး၊ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်၊ စည်းကမ်းချက်များအား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် လိုက်နာမှုမရှိသော လုပ်ငန်းရှင်များအား ရပ်ကွက်ရုံးတွင် ခံဝန်ကတိလက်မှတ်ရေးထိုးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဖြိုးဝေလင်း(ပြန်/ဆက်)