ကျွန်းလှ မေ ၂၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ပြည်တွင်းစားသုံးဆီဖူလုံပြီး ပြည်ပတင်သွင်းမှုလျော့ချနိုင်ရန်အတွက် ဆီထွက်သီးနှံမျိုးစုံ ရာသီအလိုက်စိုက်ပျိုးကြရာ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီအတွင်း မိုးမြေပဲ ဧက ၇၀၀၀ ကျော်စိုက်ပျိုးမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
“ကျွန်းလှမြို့နယ်မှာ မြေပဲကို မိုးမြေပဲနဲ့ ဆောင်းမြေပဲ ဒေသအခေါ်စကပဲတို့ စိုက်ပျိုးကြပါတယ်။မိုးမြေပဲကို ဆောင်းမြေပဲအတွက်မျိုးအဖြစ် အဓိကစိုက်ပျိုးကြပါတယ်။ ဒီနှစ် မိုးမြေစိုက်ပျိုးဖို့ ၇၂၂၃ ဧကလျာထားပြီး မေလဆန်းက စတင်စိုက်ပျိုးကြပါတယ်။ တောင်သူတွေ တစ်နှစ်ထက် တစ်နှစ်တိုးချဲ့စိုက်ပျိုးကြပါတယ်” ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး ဒေါ်မြင့်မြင့်ရီက ပြောသည်။
အဆိုပါ မိုးမြေပဲစိုက်ပျိုးသည့် တောင်သူများအား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မျိုးကောင်း မျိုးသန့်ရွေးချယ်စိုက်ပျိုးရေး၊ စိုက်နည်းစနစ်မှန်ကန်ရေး၊ သဘာဝမြေဩဇာ၊ ပိုးသတ်ဆေးနှင့် ပိုးနှင်ဆေးပြုလုပ်သုံးစွဲနည်းများ အသိပညာပေးလျက်ရှိကြောင်း သိရသည်။
ကျွန်းလှမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ ဆီထွက်သီးနှံအဖြစ် မြေပဲ ၇၂၂၃ ဧက၊ နှမ်း ၂၀ ဧက၊ နေကြာ ၇၁ ဧက၊ စုစုပေါင်း ၇၃၁၄ ဧက စိုက်ပျိုးရန်လျာထားကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ စာရင်းများအရ သိရသည်။
မျိုးဝင်းညို ကျွန်းလှ